Monday, February 8, 2010

မပေးဖြစ်ခဲ့သော စာလေးတစ်စောင်

အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်သည့်အားလျော်စွာ ဘယ်မှသွားဖို့လည်း ရည်ရွယ်ချက်မချထားတဲ့အတွက် ကျွန်တော် အိပ်ယာထ နောက်ကျ ခဲ့ပါတယ်။ အိပ်ယာပေါ်ကကိုမထဖြစ်သေးတာပါ။ ရိပ်သာရှေ့မှာ မိမိနာမည် ပြောနေသံကြားတာနဲ့ ခေါင်းထောင်ပြီး ပြတင်းတံခါးဖွင့် ကြည့်လိုက်တော့ ညီငယ် တစ်ယောက်က ရိပ်သာနဲ့ ကားလမ်းကူး တံတားလေးပေါ်မှာ ရပ်နေတဲ့ စစ်သည်တစ်ဦးကို လှမ်းမေး နေတာ တွေ့လိုက်ရပါတယ်။ ပြီးတာနဲ့ ညီငယ်က မိမိအခန်းကိုအလာ ညီလေး ဘာလဲ ဆိုတော့ ခွဲ(၃)က စိန်ဌေး အစ်ကိုကြီးကို လာတွေ့တာ ပြောလို့ … အေး တပည့်လာကွာ ဆို ဘာကိစ္စလဲ မေးတော့ ဗိုလ်ကြီးက ပြင်ဦးလွင်ကို သင်တန်း သွားမယ် ကြားလို့ ။ အေး ဟုတ်တယ် တအခ ကို။ ဟုတ်ကဲ့ အဲဒါ ကျွန်တော် စာလေးတစ်စောင် လူကြုံထည့်ပေးချင်လို့ပါ။ ဟ ရတာပေါ့ မင်းမိဘာတွေ ဆီကိုလား ချစ်သူ ဆီကိုလား။ မိဘတွေဆီကိုပါ….တဲ့။ ရတာမှ သိပ်ရတပည့် (၁)စောင်မဟုတ်ဘူး (၁၀)စောင်ဆိုလည်းရတယ် လိပ်စာရော သေချာ ရေးထားလား မေးလိုက်တော့ ဟုတ်ကဲ့ ရေးထားပြီးသားပါ ဒီမှာပါ စာအိပ်ဖြူလေး ထုတ်ပေးလာပါတယ်။ သြော် မင်း မိဘတွေကလည်း တအခ ထဲကပဲကိုး။ အေး တပည့် စိတ်ချ ကိုယ်သွားပေး ပေးမယ်နော် ဆိုတော့ အလေးပြုလို့ ဟုတ်ကဲ့ ဗိုလ်ကြီး ကျေးဇူးပါခင်ဗျ အေး လေးစားပါတယ်တပည့် ။ မိမိလက်ပြန်အချမှာပဲ တပည့်လေး ထွက်သွားပါတော့တယ်။ မှတ်မှတ်ရရ နောက် နှစ်ပါတ်လောက်အကြာမှာ မိမိတို့တပ်လည်း နားရက်ပြည့်တာနဲ့ ရှေ့တန်းမြေကို ပြန်လည် ထွက်ခွာသွားပါတော့တယ်။

ပြင်ဦးလွင်(ချယ်ရီမြို့)ပန်းမြို့တော်၊ တောင်လှေခါး……ကျောင်းဆင်းပြီးကတည်းက တစ်ခါတစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့တဲ့ မိမိတို့ကို လက်တွေ့ဘဝနယ်ပယ်ထဲကို ပို့ဆောင်ပေးခဲ့တဲ့ အမိ ကျောင်းတော် ကြီးလည်း အရင်ကထက် အဆောင်ကြီးတွေ ပိုတိုးလာပြီး သစ်ပင် ပန်းပင်တွေနဲ့ ဝေဆာနေလျက်ကို မြင်မိတော့မှ ပထမနှစ်ဘဝက ပြေးလွှားသွားလာခဲ့တာအစ နောက်ဆုံးနှစ်ဗိုလ်လောင်းဘဝအဆုံး အားလုံးကို ပြန်မြင်ယောင်လာမိပါတယ်။ တအခမှာဖွင့်တဲ့ တပ်ရေးဗိုလ်ကြီးသင်တန်း ကာလ တစ်ပါတ်အကြာမှာပဲ တပ်ကနေ တပည့်လေး လူကြုံထည့်ပေးလိုက်တဲ့ စာအိပ်ပေါ်က လိပ်စာအတိုင်း စာသွားပေး ဖြစ်ပါတယ်။ အဲဒီ လိုင်းခန်းတစ်ခုလုံးကို ပိတ်ထားလျက်သားတွေ့ရလို့ အနီးနားက ကွမ်းယာဆိုင်ကို မေးကြည့်တော့ လိပ်စာရှင် ဆရာကြီးမိသားစုကလွဲပြီး ကျန်အခန်းများက အိမ်ထောင်သည်မဟုတ် ကြကြောင်း၊ အားလုံး လုံခြုံရေး ထွက်သွားတာဖြစ်နိုင်ကြောင်း၊ ဆရာကြီးမိသားစုမှာ ခွင့်ပြန်သွားခြင်း ဖြစ်နိုင်ကြောင်း လုံခြုံရေးတစ်ခါထွက်ဆို ကြာတတ်သည့်အတွက် ကျန်မိသားစုများက ခွင့်ပြန်တဲ့အခါ ပြန်ကြကြောင်း ပြောပြလာတာနဲ့ သက်ပြင်းချပြီး ပြန်လာခဲ့ရပါတော့တယ်။ ဒီလိုနဲ့ သင်တန်းကာလ ပြီးခါနီး သွားကြည့်တဲ့အထိ အဆိုပါ မိသားစုအိမ်က သော့ပိတ်လျက်သားပဲ တွေ့ရပါတယ်။ ပထမ အခါက တွေ့ခဲ့ရတဲ့ ကွမ်းယာဆိုင် လေးတောင် အစအန မတွေ့ရတော့ဘူး။ ဘယ်လိုဖြစ်ရတာလဲ။ တစ်ပါတ်ကျော်လေးအတွင်းမှာ ဆိုင်က အစအနတောင် မကျန်ခဲ့ဘူး ဘယ်ရွှေ့သွားတာလဲ……..

ဒီလိုနဲ့ သင်တန်းပြီးလို့ တစ်ပါတ်တောင်ကြာမယ်မကြံသေးဘူး။ ကြိုသိနေလို့ ပြင်ဆင်ထားတဲ့အတိုင်းပဲ ချစ်သူလေးနဲ့တောင် ပါးပူအောင်ဖုန်းမပြောရသေးဘူး ရှေ့တန်းကို တက်မယ့် တစ်ခြားတပ်ရင်းတစ်ရင်းနဲ့ အင်းအားဖြည့် ပေးအဖွဲ့ကိုဦးစီးပြီး ရှေ့တန်းမြေကိုချီတက်ရ ပါဦး တော့မယ်။ ထုံးစံအတိုင်း သင်တန်းပြီး ခွင့်စေ့ ဆေးရုံဆင်း စတဲ့ စစ်သည်များကို ဦးဆောင်လို့ ရထားတွဲတစ်တွဲ ခွဲတမ်းရတဲ့ဟာလေးမှာ တပ်ရင်း သုံး လေး ငါးရင်း လောက်က အင်အားဖြည့်အဖွဲ့တွေပေါင်းပြီး ကပ်ညှပ်ကျတ်သိပ်လို့ ရ ရထားကြီး ပျော်ပျော်စီးပြီး …… လမ်းဘေးဝဲယာ တစ်လျှောက် မီးရောင် လင်းလင်းလက်လက်လေးတွေ လမ်းဘေး ယာတဲလေးတွေ ပျဉ်မနား၊သာစည်၊တောင်ငူ စတဲ့မြို့ကြီးတွေကို ဖြတ်လို့ အေးအေးလူလူ ကားလေး ဆိုင်ကယ်လေးတွေနဲ့ သွားလာနေတဲ့ ကိုယ်လိုသူလို အရွယ်လူငယ်တွေကို အားကျနေမိသလိုလိုနဲ့။ ရေအေးရမယ်ရေအေး …. ကွမ်းယာ ဆေးလိပ် အစ်ကိုရေ ကွမ်းယာဆေးလိပ်ဆိုတဲ့ အသံလေးတွေပျံ့လွင့်လို့ အတွေးနယ်ချဲ့ရင်း လိုက်ပါခဲ့ပါတယ်။ ထမင်းစားချိန် ရထား တစ်ထောက်နားပေးပါတယ်။ အဲဒီအချိန်ကလည်း ဓါတ်အကျဆုံး အချိန်တွေထဲ တစ်ခုအပါအဝင်ပါ။ ဘယ်မှာထိုင်စားလို့စားရမှန်းမသိ ပိုဆိုးတာက သူများတပ်နဲ့ ကပ်လိုက်ရတဲ့အခါ ဖြစ်တတ်တဲ့ အခက်အခဲလေးတွေပါ။ ကိုယ့်တပ်နဲ့ကိုယ်ဆို တပ်ခွဲလိုက်က တပည့်တွေ ချက်ယူလာတဲ့ ထမင်းဟင်း စတီးချိုင့်လေးဆွဲလို့ အစ်ကိုကြီး ညီလေးတွေ စုပြီး ပျော်ပျော်ကြီးနွှဲလို့ရတော့ သိပ်ပြီး ပူစရာမရှိပါဘူး။ အခုဟာက တပည့်တွေခမျာလည်း နေရာသီးသန့်ကလုပ်ပေးချင် ဘယ်မှာ လုပ်ပေး ရမှန်းမသိနဲ့ အတူတူစားမယ်ဆိုတော့လည်း ဆရာကြီး ဆရာများက ကိုယ့်ဗိုလ်ကြီး ကိုယ့်အရာရှိကို သီးသန့်လေး လုပ်ပေးချင်ကြတာမျိုး။ လာပါ မထူးပါဘူး ဖြစ်သလိုပေါ့ နောက် ကြုံသလိုပေါ့ဗျာ… ဆိုပြီးသမုဒ္ဓရာ ဝမ်းတစ်ထွာ ပြည့်သွားပြီးရောပေါ့လေ။……………………………………………..

(ဆက်လက်ဖော်ပြပါမည်)@@@ နေလွမ်းသူ

1 comment:

Unknown said...

နေလွမ်းသူ

ရှေ့တန်းကိုပြန်ရောက်သွားပြန်ပြီလား
စာတွေအတင်ကျဲုနေတယ်နော်..
အမြဲလာအားပေးနေတယ်

Post a Comment