Wednesday, December 30, 2009

မိုးရေစိုစိုအောက် တချို့ သောနေ့ ရက်များ (၂)

၆ ထပ်ကွေ့ လို့အများခေါ်တဲ့ တောင်တက်လမ်း အဆင့်ဆင့် အပိုင်းက နာမည်ကြီးပါ။ ရန်သူနဲ့ မကြာခဏ ထိတွေ့မှုလေးတွေ ဖြစ်ပွားတတ်၊ မိုင်းဖြစ်စဉ်လေးတွေဖြစ်တတ်တဲ့ နေရာတစ်ခုဖြစ်တာမို့ လမ်းကင်းအဖွဲ့တွေနဲ့ ဖြတ်သွားဖြတ်လာ တပ်တွေ အထူးသတိထားကြတဲ့နေရာတစ်ခုပေါ့။ ဒီလိုနေရာက ကိုနန္ဒအောင် တပ်ခွဲ တာဝန် ယူရတဲ့ အပိုင်းမှာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ပါဝင်လာတော့တာပဲ။ ဒီတော့လည်း ဖြစ်ချင်ရာဖြစ် တပ်ခွဲမှူး ဦးစီး တပ်ခွဲရုံးအဖွဲ့ပဲ ဒီနေရာကို အပိုင်ယူထားလိုက်တာပေါ့။ ကျန်အပိုင်းတွေကို ညီငယ် တပ်စုမှူး ၂ ယောက်ရဲ့ တပ်စု ၂ စု၊ တပ်စိတ်တွေ ခွဲပေးထားလိုက်တယ်။ နေရာကိုတော့ မိုးတဖွဲဖွဲအောက်မှာ မျက်နှာပေါ်ကို တောဆောင်းဦးထုတ်ကနေ စိမ့်ပြီးမျက်နှာပေါ်ဖြတ်စီးကျလာတဲ့ မိုးရေနဲ့ချွေးရောရော ငန်ကျိကျိ အရည်တွေကို မကြာခဏ သုတ်ရင်း မိမိကိုယ်တိုင် ဦးစီးခေါင်းဆောင်တွေကို ခေါ်သွားပြီး ဘယ်နေရာမှ ဘယ်သူနဲ့ ဘာလက်နက်နေရာချ၊ ကျောဘက်ကိုလှည့်ပြီးဘယ်သူတွေနေရာယူ၊ ဘယ်သူနဲ့ ဘယ်နှယောက်က အဲဒီကုန်း မှာနေ၊ ဟိုကွေ့မှာက ဘယ်ဆရာကိုထား၊ နမော်နမဲ့နိုင်မယ့် ရဲဘော်ကို ဆရာကြီး တွေနဲ့တွဲချ၊ အမိန့်မရဘဲ မီးမမွှေးဖို့၊ ငါးမပစ်ဖို့ (ငါးပစ်တယ်ဆိုတာက လမ်းဘေးတောထဲက ချောင်းကြိုချောင်းကြားဝင် ငါးအုပ်စုစု တွေ့တဲ့နေရာကို သေနက်ပြောင်း ထိုးချိန်ပြီး ၂ ချက်လောက်ကိုင်ထည့်လိုက်တာ၊ ခနနေတော့ ငါးတွေ တုန်းလုံး ပက်လက်နဲ့ ရေပေါ်ပေါ်လာတာကို အသာလေး ကောက်ထည့် ဟင်းစားအလွယ်ရှာနည်းပေါ့) သေနက်သံထွက်မှာကိုး။ ဒီတော့ တားရတာပေါ့။ ကိုယ်က အလစ်အငိုက်ယူပါတယ်ဆိုမှ။ အသံလုံမှ တော်ကာ ကြမယ်လေ။ အဲဒီရေထဲကိုချိန်ပြီး ပစ်ထည့်လိုက်တဲ့သေနက်ရဲ့ ပြောင်းဝက ရေမျက်နှာပြင်နဲ့ အနည်း ဆုံး ၁ ပေ လောက်ခွာရပါတယ်။ အဲဒီထက်နီးပြီး အတင်းကပ်ပစ်လိုက်ရင် သေနတ်ပြောင်းထွက်ရှိန် နဲ့ ရေက အပေါ်ကို ရိုက်ခတ်လာပြီး ရေက သေနတ်ပြောင်းကို အလုံးအရင်းနဲ့လာဆောင့်ရင် အပူအအေး ချက်ချင်းပြောင်း လဲမှု ကြောင့် သေနတ်ပြောင်း ကွဲတတ်ပါတယ်။

အခုလည်း ၆ ထပ်ကွေ့အလည်တည့်တည့်မှာ မိမိအတွက် ဘိကောင်းကောင်းလေးရတာနဲ့ နေရာချ၊ အစွန် ၂ ဖက်တွေကို စိတ်ချရတဲ့ ဆရာကြီးနဲ့ဆရာ တစ်ယောက် ၂ ဖွဲ့ခွဲချပေးလိုက်တယ်။ လှုပ်ရှားရှားလေး နည်းနည်း လုပ်ထားတာနဲ့ နာရီကလည်း စားနာရီထိုးခါနီး ( မနက် ၁၁ နာရီအချိန်) ရောက်လာတာနဲ့ ဗိုက်က အသံ မြည်လာပြီ။ ကဲ တပည့်ရေ စားမယ်ကွာပေါ့။ အဖွဲ့တွေလည်း ကိုယ်စီ မနက်စောစော ထ ချက်ထားတဲ့ ထမင်းထုပ် ကိုယ်စီနဲ့ပါ။ မိုးက ဘယ်လိုမှ မတိတ်ဘူး။ ဝါးပင်ကြီး သစ်ပင်ကြီးတွေ ဘယ်လောက်ထူထူ မိုးရေက တော့ရွှဲရွှဲစိုပါပဲ။ ငါ့အတွက် တဲမထိုးတော့နဲ့ကွာ။ အိပ်ခါနီးမှ ပုခက်လေးဆင် အပေါ်က ထုံးစံအတိုင်းပေါ့ လို့ တပည့်ကိုပြောထားတော့ အခု နားခိုဖို့ကျ အမိုးအကာက လိုလာပြန်ရော။ ချက်ချင်းဆိုသလို မိုးကာပါးလေးကို ထောင့်လေးခုမှာ ကြိုးစလေးတွေချည်လို့ ဝါးရုံကြားမှာအမိုးလုပ် အောက်က ရေစီးကာဖို့ ပတ်လည်ကို လက် ယက်မြောင်းလေးဖောက်လိုက်တယ်။ ဝါးပိုးလုံး ၂ ဆစ်၂ ဆစ်တုံးတွေကို အပေါက်ဖောက်ပြီး အလည်ကို ဝါးမာချောင်း လျှိုလိုက်တော့ ထိုင်စရာခုံဖြစ်သွားပြီလေ။ တပည့်က မိမိအတွက်ထမင်းပြင်ဆင်ပေးနေပြီ။ ကျန်တဲ့ အဖွဲ့တွေ ကင်းသမားက လွဲလို့ အားလုံး ထမင်းစားတော့ ကျန်အဖွဲ့လိုက်ကို လှမ်းပြီးအချက်လေး ဘာလေး ပြလိုက်တော့ လို့ခိုင်းလိုက်ရတာပေါ့။ အခုလိုခါမျိုးတော့ တစ်ယောက်ထဲစားတာပေါ့။ ကျန်အချိန်ဆိုရင် တပ်ခွဲက အရာရှိအငယ်တွေနဲ့ ဆရာကြီးတွေ တစ်ခါတစ်ခါ စုစားရင်း အတွေ့ကြုံလေးတွေဖလှယ်ကြပေါ့။ မိုးရွာနေတော့ တစ်ခုကောင်းတယ် ဆေးဖို့ကြောဖို့ရေ ခပ်နေစရာမလိုဘူး။ အမိုးလုပ်ထားတဲ့ မိုးကာစ တစ်ဖက်ကို ခဏနိမ့် ထားပြီး ရေအိုင်လာတာနဲ့ လျှောချလိုက်ရုံပဲ။ ပန်းကန်ဆေးခွက်ဆေး အိုကေပဲ။

ကိုယ်ကတော့ ထိုင်ရင်းစားပေါ့။ ကျန်အဖွဲ့တွေကတော့ အခုလိုအချိန်ဆို မိုးတိုးမတ်တပ်စားတဲ့သူနဲ့ ကိုယ်ပေါ်ကို မြေခင်း မိုးကာခြုံ ဆောင့်ကြောင့်ထိုင်ပြီး ဖြစ်သလိုအမြန်စားလိုက်ကြတာကများပါတယ်။ ခဏနေတော့ ဆရာကြီးတစ်ယောက်က ဝါးဆစ်ဘူး ခွက်လေးကိုင်ပြီးလာပေးတယ်။ ဗိုလ်ကြီး ရေနွေးပူပူလေး သောက်လိုက်ဦး ….တဲ့။ ကဲ မိုးဒီလောက်ရွာနေလည်း ရေနွေးပူပူကို ထမင်းစားချိန်လေးမှာ ရအောင်လုပ်လိုက်နိုင်သေးတယ်။ မိမိတို့စစ်သည်များအတွက်တော့ ထမင်းစားပြီးချိန် အခုလို ရာသီဥတုမိုးအေးအေးထဲမှာ ရေနွေးပူလေး တစ်ခွက် သောက်လိုက်ရရင် ခြေဖျားလက်ဖျားအေးနေတာလေးတွေ တစ်ခဏချင်း နွေးသွားသလိုခံစားရသလို နေသာ ထိုင်သာလည်းရှိသွားတတ်ပါတယ်။ အလုပ်တစ်ခုတော့ပြီးသွားသလို ခံစားလိုက်ရပါတယ်။ ဟုတ်တယ်လေ ထမင်းစားချိန် ခရီးသွားချိန် ရေချိုးချိန်တို့ဆိုတာ အစိုးမရဘူးလေ။ ဘာဖြစ်စဉ်မှ မဖြစ်ရင်စိတ်အေးရတာပေါ့။ တစ်ခါတစ်ခါ အချိန်ကျလို့စားလိုက်ရပေမယ့် တာဝန်တစ်ခုလုပ်လိုက်ရသလိုပဲ စိတ်က မှတ်ယူထားတတ်မိတယ်။ အခုလည်း တပည့်ကျော် (၃/၄)ယောက် လက်ရွေးစင်ခေါ်ပြီး လက်စွဲတော် MA-3 လေးကို တင်းတင်း ဆုပ်ကိုင်ရင်း အောက်ဘက်ကိုဆင်းဖို့ပြင်ရတယ်။ ထမင်းစားပြီးချိန်ဆို ကင်းသမားအပါအဝင် အချို့သော ရဲဘော်လေးများက ထမင်းလုံးစီတတ်ကြတယ်လေ။ ဒီတော့ အဲဒီအချိန်ကို အလစ်ငိုက်ယူပြီး ကင်းစစ်ရင်း သူတို့ကို နိုးကြားနေအောင် လုပ်ပေးရင်း မိမိကတော့ နားချိန်မယူဘဲ လှုပ်လှုပ်ရှားရှားသွားပေး လူယောင် ပြပေးရတာပေါ့။ မိုးကရွာရွာ မြေသားတွေက ရေတွေစီးလို့ တောင်ဆင်းတောင်တက်တွေမှာ တဘုန်းဘုန်း ချော်လဲကြတာပေါ့။ ဘိုင်းကနဲချော်လေး လူက ပက်လက်ကားယားနဲ့ လျှော တိုက်ပါသွားကြပေမယ့် လက်က သေနတ်ကိုအပေါ်ထောင်လျက်ပဲ။ လူက လဲကျလို့ ရွှံ့ဗွက်စင် ရေတွေရွဲစေဦးတော့ သေနတ်တော့ အထိမခံဘူးလေ။………………..

@@@ by နေလွမ်းသူ
Sunday, December 27, 2009

မိုးရေစိုစိုအောက်က တချို့သောနေ့ရက်များ

တပ်ခွဲမှူးတွေ အဘခေါ်တယ် ဆိုတဲ့အကြောင်း IOညီလေးလာပြောတာနဲ့ တပ်ရင်းမှူးတဲနဲ့ မလှမ်းမကမ်းမှာ စုံအောင်စောင့်လိုက်ကြတယ်။ ခဏနေ တပ်ခွဲမှူးတွေစုံပြီဆိုတာနဲ့ သူ့ဘေးမှာအဖီဆွဲထားတဲ့ ဝါးစားပွဲ ခုံတွေရှိတဲ့အစည်းဝေးတဲလေးထဲမှာ အသင့်စောင့်နေတဲ့ တပ်ရင်းမှူးကို အလေးပြုပြီး ဝင်လိုက်ကြတယ်။ အနီးဆုံးက စီနီယာတပ်ခွဲမှူးကို လက်ထဲကကြေးနန်းမှတ်တမ်းကြီး ထိုးပေးရင်း စကားစပါတယ်။ တပ်ခွဲမှူးများအားလုံး နားထောင်ပါ လာမယ့် (--)ရက်နေ့မှာ ထီးထဘက်ကိုသွားမယ့် တိုင်းတပ်နဲ့အတူ အင်အားဖြည့်(ပေးအဖွဲ့)တက်လာမယ်။ အခုကတည်းက ကိုယ့်ညီတွေကိုတပ်ခွဲလိုက် လမ်းကင်းအပိုင်းတွေ ခွဲထားပေးချင်တာရယ် တိုင်း/တပ်မက ချပြလာတဲ့ သတင်းနဲ့ ညကခ လေးတွေပြောချင်လို့ ခေါ်လိုက်တာ…..ဆိုပြီး အစပြုလို့ နယ်မြေဒေသအခြေအနေ လိုက်နာရမယ့် ဆောင်ရန်/ ရှောင်ရန်တွေ တသီတစ်တန်း ကြီး ပြောပြ လာပါတော့ တယ်။ တပ်ခွဲလိုက် လူ/လက်နက် အခြေအနေ ကိုယ်စီ တင်ပြ တစ်ခြား လုပ်ချင်တာ လေးတွေ ဆွေးနွေးကြ၊ တပ်ခွဲလိုက်လမ်းအရှည်ကို တွက်ချက်ပိုင်းကြ၊ ဧရိယာသတ်မှတ်ကြနဲ့ အားလုံးပြီးစီး အိုကေပြီဆိုတာနဲ့ အေး ကောင်းပါပြီ တစ်ခြားသတင်းပို့စရာ မရှိရင် ပြန်နားကြတော့ ဆိုတဲ့ အသံနဲ့အတူ အလေးပြုပြီး ထွက်လာခဲ့ကြတယ်။
ပေးအဖွဲ့လာတော့မယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့လိုလူပျိုအရာရှိတွေမှအပကျန်စစ်သည်လူပျိုအစတပ်ရင်းမှူး အဆုံး အားလုံးကတော့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ပျော်ရွှင်နေကြမှာပေါ့။ အိမ်ထောင်သည်တွေ ဆိုတော့ နောက်တန်းမြေက ဇနီး သားသ္မီးတွေဆီက စာလွှာလေးတွေနဲ့အတူ ရှေ့တန်းမှာ စားဖို့ အကြော်အလှော်၊ကြိုက် တတ်တဲ့အခြောက်အခြမ်းလေးတွေ၊ ဆေးဝါးလေးတွေ ပါလာတော့မယ်လေ။ စစ်သည်လူပျိုတွေကျတော့ လစာ ငွေအချို့တစ်ဝက်/ နောက်တစ်ဝက်ကျ လစာမထုတ်ခင်ကတည်းက သူ့တပ်ခွဲလိုက်က လစာကြပ်ကို စက်နဲ့ ကြိုပြီး လှမ်းမှာထားကြတယ်။ လစာထဲကငွေနဲ့ ဘာလေးဝယ်ပေးပါ၊ ဘယ်သူနဲ့ဘယ်သူတွေထဲက ငါးခြောက် လေး အကြော်လှော်လေးလုပ်ပေးပါဆိုပြီးမှာထားတော့ သူတို့အတွက်လည်း ကိုယ်စီကိုယ်ငှ ပါလာကြပါတယ် ဆိုတော့ အားလုံး တက်ကြွစွာ မျှော်လင့်နေကြပြီလေ။

မောင်နန္ဒအောင် တို့ လူပျိုအရာရှိတစ်စု (IO/AQ) အပါအဝင် တပ်စုမှူးညီငယ်များကျတော့ ဘယ်လိုလုပ် အဲလို မှာလို့ရမလဲလေ။ လစာက ကိုယ့်ချက်လက်မှတ်နဲ့ကိုယ် အင်းဝဘဏ်မှာ ထုတ်ကြရတော့ လကုန်လစာထဲက ဖြတ်ပါပြောရအောင် တပ်ရင်းကိုမှ လစာမဝင်တာကိုး။ တပ်ရေးဗိုလ်ကြီးခမျာ တစ်ယောက် နှစ်ယောက်ဆိုလည်း တတ်နိုင်သေးတယ် အခုကျ သူ့မှာလည်း နောက်က မိန်းမဆီက တောင်းသုံးနေရတာမျိုးဆို ဘယ်လိုလုပ်ပါ့မလဲ။ အိမ်တွေကလည်း ပို့ပေးလို့ကမရ အားလုံးက တပ်နဲ့ဝေးရာတွေကချည်းပဲလေ။ မန္တလေးဘုရားကြီးနားက ညီငယ် တစ်ယောက်ပဲ သူ့အိမ်က တပ်ရေးဗိုလ်ကြီးဆီထိ တကူးတကလာပို့ပေးတော့ ပေးအဖွဲ့လာတိုင်း ပါလာတတ် တာ။ အစားအစာက ထားတော့ အမောပြေအပန်းပြေ စာလေးဘာလေးကျလည်း တပ်တစ်တပ် ပေးတက်မယ့် အချိန်မှ စာကို တပ်ရေးဗိုလ်ကြီးဆီ အချိန်ကိုက်ပို့ပေးနိုင်မှ ရှေ့တန်းထိပါလာတာမျိုးဆိုတော့လည်း ဘယ်သူမှ ကိုယ့် အိမ်ကတို့ ချစ်သူရည်းစားဆီကတို့ ဘာစာမှ ပါမလာနိုင်တော့ဘူးလေ။ ဒီတော့ ထူးကဲပြီးလည်း ပျော်ရွှင် မျှော်လင့်မနေကြတော့ဘူးပေါ့။

တပ်ခွဲလိုက် နယ်လမ်းပိုင်းလေးတွေ ပိုင်းယူလိုက်ကြတယ်။ မိုးတွင်းဆိုတော့ ဒုက္ခတော့ရောက်ဦးတော့မှာပေါ့။ မိုးကတဖွဲဖွဲ လမ်းကရေတွေစီး ရွှံ့ဗွက်ထဲချော်လဲတာမျိုး လူတွေလည်း မိုးကာခြုံထားပေမယ့် ကြွက်စုတ်လေး တွေ ဖြစ်လို့။ အဓိကအခက်အခဲက လမ်းဘေးတောင်ကုန်း စခန်းလေးတွေပေါ်မှာ အပေါ်ကမိုးဖွဲဖွဲ အောက်က မြေက စိုစိစိမှာ ထမင်းချက်ရတဲ့စစ်သည်တွေရဲ့ ပြသနာပါ။ ထင်းစ ဝါးစတွေက မိုးရေကြောင့် စိုတာထက်ကို နူးလို့။ ဒါလည်း မြေကျင်းလေးတွေတူး ဖိနပ်ကရာဘာခုံ အသားကို ဓါးနဲ့လှီးဖဲ့ယူပြီး မီး ရအောင်မွှေး ချက်ကြ ပြုတ်ကြတာပါပဲ။ လ္ဘက်ရည်ပူပူလေးတောင် ပါလိုက်သေးတယ်။ ကိုယ့်လမ်းပိုင်း အန္တရာယ်ကင်းအောင် အဖွဲ့ လိုက်ကို နေ့ညချထားပြီး လှုပ်ရှားပါထားလိုက်တော့တယ်။ မိမိတို့ကိုယ်တိုင်လည်း ဟိုအပိုင်းကနေ ဒီအပိုင်းသွား လိုက် စစ်လိုက်ပေါ့။ ဒီလိုမှ မဟုတ်ရင် အလစ်လေးနဲနဲလေး ပေးလိုက်တာနဲ့ ရန်သူက လမ်းပေါ်တက်ပြီး မိုင်းထောင်သွားမှာလေ။ တပ်တွေကိုယ့်နယ်မြေ လမ်းပိုင်းက ဖြတ်သွားတဲ့နေ့မှ ဂျိမ်း ဆိုပြီးမိုင်းတစ်လုံးကွဲတာနဲ့ အဲဒီလမ်းပိုင်းမှာ တာဝန်ရှိတဲ့တပ်ခွဲမှူး ရှင်းပေဦးတော့။

ကိုယ်အသုံးမကျလို့ မိုင်းကွဲတာ မိမိတာဝန်ယူထားနေပါလျက်က ကွဲရလေချင်း ဆိုပြီး ကိုယ်တိုင်လည်း မကျေ မနပ်ဖြစ်ရမယ်ဆိုတော့ အခုလိုတာဝန်စယူပြီဆိုကတည်းက ရန်သူ(လူ)မပြောနဲ့ တောကြက်၊ တောကောင် တောင် အဖြတ်မခံတော့ဘူး။ ဘယ်အဖြတ်ခံမလဲနော် ဖြတ်တာတွေ့တာနဲ့ ပစ် ပဲ။ ဒါမှ အူစိုမှာလေ။ ခက်တာက ဒီလိုမိုးတွင်း ဘာတောကောင်မှ သိပ်မထွက်တော့လည်း မိုးရွာရွာထဲမှာ ထုံးစံအတိုင်း မျှစ် ဟင်းမျိုးစုံ ငရုပ်သီးရဲရဲ ထမင်းပူပူလေးနဲ့ ရေနွေးကြမ်းပူပူ ဝါးဆစ်ဘူးလေးရယ် ပေးအဖွဲ့နဲ့တပ်တွေ တက်လာမယ့် ရက်ကို စောင့်စားရင်း လမ်းပေါ်မှာအိပ်လိုက် ကုန်းစခန်းပေါ်အိပ်လိုက် လမ်းဘေးသစ်ပင်မှာ ပုခက်ဆင် အပေါ်မှာ မြေခင်တင်းရင်း မိုးစဲနေ့ မိုးရွာနေ့ တွေနဲ့ တောင်ခိုးတွေတလူလူအကြားမှာ တောင်တောင်သဘာဝနဲ့ အထာကျ တစ်ချက် မကျတစ်ချက် မိုးမှောင်နေ့တွေ အကုန်မြန်အောင် ရေတွက်ရင်း…………

@@@ By နေလွမ်းသူ
Sunday, December 20, 2009

သံယောဇဉ် အမျှင်တန်း မိရင်ဖြင့်

နောက်ဆုံးအနေနဲ့ တပ်ရင်းရုံးကိုသွားပြီ တပ်ရေးဗိုလ်ကြီးနဲ့ လစာကြပ်အဖွဲ့၊ ကျန် ရုံးအဖွဲ့တွေကို နှုတ်ဆက် လိုက်တယ်။ တပ်ရင်းမှူးအပါအဝင် ဒုတပ်ရင်းမှူး နဲ့ တပ်တစ်တပ်လုံးက မန္တလေးမြို့တွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေကြရတာကိုး။ ဒီလိုပါပဲ တပ်တွေက ရှေ့တန်းကပြန်လာလို့ နောက်တန်းမြေမှာ ပြည့်ပြည့်ဝဝ နားတယ်ဆိုတာ မြို့နေလူထုအကြားမှာ လုံခြုံရေးတစ်ရပ်လုပ်ပေးရင်း အနားယူတယ်လို့ပဲ ပြောရတော့မှာပေါ့။ ကားသမားနဲ့အတူ လိုက်ပို့မယ့် အကူ ရဲဘော်လေးက ကားနားမှာအသင့်စောင့်လို့ ။ မိမိစာရွက် စာတမ်း ထည့် ထားတဲ့ ဖိုင်လေးကို ပိုက်လို့ ဗိုလ်နန္ဒအောင် တစ်ယောက် ၄ နှစ်ခွဲတာ နေထိုင်သံယောဇဉ်တွယ်ခဲ့ အရာရှိ ရိပ်သာကြီးကိုတစ်ချက်ပြန်ကြည့်လိုက်တယ်။ ရင်ထဲမှာတော့ ဆို့နင့်နေသလိုလိုကြီးပါ။ ဟုတ်တယ်လေ။ ကျောင်း ဆင်းစ ဒုဗိုလ်ဘဝ အရာရှိပေါက်စ အတွေ့အကြုံတွေကို မိခင်တပ်ဆိုတဲ့ ဂုဏ်နဲ့အညီ ဒီတပ်ကြီးနဲ့အတူ အရာရှိ စစ်သည်အားလုံးက နေသား တစ်ကျ ဖြစ်အောင် သိအောင်တတ်အောင် သင်ပေးခဲ့တာလေ။ အခုဒီမြေဒီတပ် ဒီဒေသကနေ အမြဲတမ်းပြောင်းရွှေ့အမိန့် ဆိုတာ ကြီးကျလာပြီး ခွာရဦးတော့မှာပေါ့။ စစ်သားဘဝဆိုတာ ဒီလိုပါ ပဲကွာဆိုတဲ့ စီနီယာကြီးတွေ ပြောဆိုဆုံးမ ခဲ့တဲ့အတိုင်းပါပဲ။ ပစ္စည်းတွေစုံပြီးလား တပည့်ကျော်လို့ တစ်ချက် လှမ်း မေးအပြီးမှာပဲ ဦးဗိုလ်ကြီး ဦးဗိုလ်ကြီး ဆိုပြီး ဂါဝန်နီနီလေးနဲ့ ၆နှစ်အရွယ် ကလေးလေး သက်သာဆိုင်ဘေးလမ်းကနေ ပြေးတက်လာနေပါတယ်။ ဟာဟိုမှာပြေးလာနေတဲ့သူ အဲဒါ(မိမိပါးစပ်အဟောင်းသားနဲ့ ရေရွတ်မိတုန်းရှိသေး)။ဟုတ်တယ် ဗိုလ်ကြီး အဘငြိမ်းအောင်နဲ့ အန်တီမြ တို့က ကလေးအဖေနဲ့အမေအတွက် ကုသိုလ်ပြန်လာလုပ်ပေးလို့ ကလေး ကလည်း ဒီတပ်ကို ခဏပြန်ချင်တယ် ဆိုလို့ ပိုးပိုးလေး မနေ့ကတည်းက ပြန်ရောက်နေတာ.....တဲ့။

ပြေးပြီးမိမိဆီဝင်လာတဲ့ ကလေးကို ပွေ့အချီလိုက်မှာ ပါးပြင်ကို အတင်းနမ်းလာပါတယ်။ မျက်ရည်တွေက စီးလို့ ဦးဗိုလ်ကြီးလည်း ဟိုးအဝေးကြီးကိုပြောင်းရတော့မှာဆို ဟုတ်လား။ ဦးဗိုလ်ကြီးလည်း ပိုးပိုးကို ထားခဲ့ပြန်ပြီပေါ့ အဟီးဟီး ဆိုပြီး တရစပ်ပြောလည်းပြော ငိုလည်းငိုပါတော့တယ်။ စိတ်တွေတင်းထား တဲ့အကြားက ကျွန်တော့် မျက်ဝန်းထဲမှာ မျက်ရည်တွေဝေ့လာပါတယ်။ မေကြီးထားခဲ့ပြီးမကြာဘူး ဖေကြီးက ထားသွားခဲ့တယ် အခုလည်း ပိုးပိုး ချစ်တဲ့ ဦးဗိုလ်ကြီးကလည်း အဝေးကြီးကိုပြောင်းသွားတော့မှာ ဟီးဟီး ဦးဗိုလ်ကြီးနဲ့အတူ ပိုးပိုးလည်း လိုက်မယ်….တဲ့။ မဟုတ်ဘူးလေ သမီး ပိုးပိုး ဦးဗိုလ်ကြီးတို့က တာဝန်အရသွားရမှာလေ။ သမီးက ရန်ကုန်မှာ ကျောင်းတက်ရဦးမှာလေ။ အခုတောင် သမီးအတန်း စာတွေ ပျက်နေပြီမို့လား။ ဒီလိုလာလို့…. ဦးဗိုလ်ကြီး သမီး ပိုးပိုးတို့ရန်ကုန်လိပ်စာကို သိနေတာပဲ နောက်ကျ လာလည်မှာပေါ့နော်။ သမီးလည်း စာတွေအများကြီး သင်ရ ဦးမယ်လေနော်။ စစ်သားတွေ စစ်သားအလုပ် လုပ်နေကြတာ။ သမီးကျောင်းသားက ကျောင်းသားအလုပ် လုပ်ရမယ်လေ ။ ဦးဗိုလ်ကြီး ရိပ်သာမှာ အမြဲပြောခဲ့တာ မေ့သွားပြီ လား …. ဆိုတော့ အဲဒါတော့ အဲဒါပေါ့ အဟီးဟီး… ဆိုပြီး မျက်ရည် က မတိတ်တော့ပါဘူး။ ကဲပါ မငိုနဲ့တော့နော်။ သမီးက လိမ္မာတယ်။ တိတ်တိတ်..ဆိုပြီး ကိုယ်တိုင်လည်း မျက်ရည်ကို သုတ်ပြီး ကလေးကိုပါ ဖွဖွလေး ဖယ်ပေးလိုက်တယ်။ ကျွန်တော် သက်ပြင်း တစ်ချက်ချလိုက်မိ ပါတယ်။ သံယောဇဉ် အမျှင်တွယ်မိရင်ဖြင့် ဆိုတဲ့ ဓမ္မကဗျာလေး တစ်ပုဒ် ကိုလည်းချက်ချင်း ပြန်သတိရမိလိုက်တယ်။ ကိုယ်တိုင်က ခိုင်မာမြဲမြံစွာသံယောဇဉ် တွယ်ငြိပြီး ဖြစ်နေပြီဖြစ်တဲ့ မိခင်တပ်၊အရပ်ဒေသ၊မိမိနဲ့အတူကောင်းတူဆိုးဖက် နောက်တန်းလည်းနောက်တန်းမို့ ရှေ့တန်းလည်းရှေ့တန်းအလျောက် လက်တွဲခဲ့တဲ့ အရာရှိ/စစ်သည်တွေ၊ မိမိတို့ အရာရှိငယ်တွေကို ရပ်ဆွေရပ် မျိုးလို စောင့်ရှောက်ခဲ့ကြ၊ တတ်အားသရွေ့ကူညီပေးခဲ့တဲ့ မိသားစုဝင်တွေ အားလုံးကို ကျောခိုင်းပြီးနောက်တပ် အသစ်ကို ပြောင်းရွှေ့ရတော့မှာဖြစ်လို့ ဆို့နင့်စွာခံစားနေရတဲ့ ဝမ်းနည်းမှုတွေအားလုံးကနေ မျက်ရည်အဖြစ် အသွင် မပြောင်းအောင် အထိန်းခက်ခက် ထိန်းနေလျက်က ဒီကလေးလေးကို ရုတ်တရတ်ပြန်မြင် လိုက်ရပြီး သူ့ ဦးဗိုလ်ကြီး ဆိုတဲ့သူကို လာနှုတ်ဆက်ရှာတဲ့ အရွယ်နဲ့မမျှ အောင်စကားတတ် ရှာတဲ့ ပိုးပိုးလေးရဲ့စကားသံတွေနဲ့ ရှိုက်ကြီးတငင် ငိုလာတော့ ထိန်းမရတဲ့ ဝမ်းနည်းမှုက (ယောက်ျားကြီးတန်မဲ့) မျက်ရည်ကျလာစေခဲ့တယ်။

ပိုးပိုးလေး ဆိုတာက သူ့ကိုမွေးပြီးတာနဲ့ သူ့အမေကဆုံးပါသွားခဲ့တာပါ။ မီးတွင်းထဲမှာ မိခင်ဆုံးပါးသွားရှာတဲ့ ပိုးပိုးလေးကို တပ်တစ်တပ်လုံးက ဂရုဏာစိတ် ယိုဖိတ်စွာနဲ့ လူတိုင်းက ချစ်ခင်စောင့်ရှောက်ခဲ့ကြပါတယ်။ ကလေး စကားမပြောတတ်ပြောတတ် အရွယ်မှာ ကျွန်တော်တို့ ရိပ်သာကို အမြဲလိုလိုသူ့အဖေ တပ်ကြပ်ကြီး မြင့်အောင်နဲ့ ပါပါလာတတ်ရာကနေ ကျွန်တော်တို့အားလုံးရဲ့အချစ်တော်ဖြစ်ခဲ့ရသလို အဲဒီအထဲမှာမှ ကလေး ချစ်တဲ့ ကျွန်တော်နဲ့ ကိုသီဟအောင်က လိုလေသေးမရှိ လုပ်ပေးသလို တပ်ထဲသွားလေရာ ခေါ်သွားတတ်လေ တော့ ပိုပြီးသံယောဇဉ်တွယ်ရှာပါတယ်။ လွန်ခဲ့တဲ့ စစ်ဆင်ရေးရှေ့တန်းမြေမှာ ကံကြမ္မာမုဆိုးရဲ့ ထပ်မံနှိပ်စက်မှု လေလား အတိတ်ကဝဋ်ကြွေးကြောင့်ပေးလား မသိ။ ပိုးပိုးလေးရဲ့ ဖခင် ဆရာကြီးမြင့်အောင် တစ်ယောက် ရန်သူ့ မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက် စွန့်လွှတ်လိုက်ရပါတယ်။ သူ့အမေဆုံးသွားတာနဲ့ နောက်တစ်နေ့ တပ်ရင်းက မိသားစုတော်တော်များများအပါအဝင် တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးနဲ့ မန္တလေးမြို့ထဲက အသိတွေက အစ မွေးစား ဖို့ ဆိုပြီး သူ့အဖေ ဆီကနေ ပိုးပိုးလေးကို တောင်းခဲ့တာကို မပေးခဲ့တဲ့ ဆရာကြီး မြင့်အောင်တစ်ယောက်က နောက်ဆုံးရန်ကုန်ပြောင်းပြီး အရပ်ဘက်ဝန်ထမ်းအဖြစ်ကနေ အနားယူလိုက်တဲ့ သူရဲဘော်ဘဝက အတူတူ နေခဲ့တဲ့ သူ့ဆရာ တပ်ရင်းမှူး(အငြိမ်းစား) လင်မယားကို အမွေစားအမွေခံအဖြစ် ပိုးပိုးလေးကိုပေးလိုက်ခဲ့ပြီး သူကိုယ်တိုင်က အရက်ကိုနေ့ရောညပါ သမီးစိတ်၊ဝေဒနာစိတ် တွေနဲ့ ဖိသောက်ရင်း အရက်ရဲ့ကျေးကျွန်ဖြစ်ကာ လွန်ခဲ့သော နှစ်ကတည်းက ဆုံးပါးသွားခဲ့ပြီလေ။

အဘ(ရင်းမှူးအငြိမ်းစား) လင်မယားက ကလေး အဖေနဲ့အမေအတွက် နှစ်လည်ကုသိုလ်ကို ကျောင်းခွင့်ရက် ယူပြီး ဒီတပ်မှာပဲ ပြန်လာလုပ်ပေးတဲ့အတွက် ပိုးပိုးလေး တပ်ကိုခဏပြန်လာခွင့်ရခဲ့ပါတယ်။ အဲဒါနဲ့လိုင်းခန်း ထဲမှာ ကျွန်တော်ပြောင်းရွှေ့ရတော့မယ်ဆိုတာ ပြောသံကြားလို့ လာနှုတ်ဆက်တဲ့အချိန် တပ်ရင်းရုံးက ကိစ္စတွေအပြီး ကားပေါ် ပစ္စည်းတွေ တင်အပြီး ထွက်တော့မယ်ပြင်နေတဲ့ ကျွန်တော်နဲ့ ကံကောင်း ထောက်မစွာသွားတိုး ပါတော့တယ်။ တပ်ရင်းမှာသံယောဇဉ်အဖြစ်ဆုံး၊ ဂရုဏာအသက်ဆုံး ကျွန်တော်တို့ အားလုံးရဲ့ အသည်းစွဲ ပိုးပိုးလေး အခုတော့ ခြေထောက်လေးမှာ ဖုချိန်းသေးသေးလေးဆွဲထားလို့ မြို့မှာ ခေတ်နဲ့အညီ ချမ်းသာတဲ့ မိသားစုအိမ်ယာမှာ နေရပြီဆိုတော့လည်း ဝတ်ထားတဲ့ပုံစံလေးတွေကအစ အရင်က ကျွန်တော်တို့တွေ ဝယ်ပေးခဲ့တဲ့ အင်္ကျီအညံ့စားတွေနေရာမှာ နူးညံ့ပျော့ပြောင်းပြီး ရနံ့လေးတွေသင်းပျံ့နေတဲ့ အဝတ်အစားလေးတွေ လက်ပတ်နာရီသေးသေးလှလှလေးပတ်ထားလျှက်နဲ့ တကယ့်ကို သူဌေးမိသားစုရဲ့ ကလေးလေးပုံစံပေါက်သွားတော့ သူ့အဖေ ဆရာကြီးမြင့်အောင်ကိုပါ ဝမ်းနည်းစိတ်နဲ့ဖျက်ကနဲ သတိ ရလိုက်မိသလို ရင်ထဲမှာ ကလေးအတွက်လည်း ကျေနပ်ဝမ်းသာမှု မိမိကိုယ်တိုင် ခွဲခွာရတော့မယ်ဆိုတဲ့ ခံစားမှု စိတ်မကောင်းမှုတို့ တစ်ပြိုင်ထဲ ရင်ထဲမှာခံစား လိုက်ရပါတယ်။ ပိုးပိုးလေးရဲ့မျက်နှာလေးကို နောက်ဆုံး တစ်ချက်ကြည့်ပြီး ဖောင်းကစ်ကစ်ပါးအစုံလေးကို တစ်ချက် မွှေးလိုက်ပြီး ဦးဗိုလ်ကြီးက ဟိုးအဝေးကြီးထိ သွားရဦးမှာ နောက်ကျနေမှာစိုးလို့ သွားတော့မယ်နော်။ သမီးက လိမ္မာပါတယ်။ စာတွေ ကြိုးစားနော်။ ဦးဗိုလ်ကြီးသင်ပေးခဲ့တာတွေလည်း မမေ့နဲ့ (သြကာသနဲ့ တစ်ချို့ ကဗျာလေးတွေပါ)ဒေါက်တာမကြီးဖြစ်အောင်လုပ်မယ်လို့ ရိပ်သာမှာ ဦးဗိုလ်ကြီးတို့ကို ပိုးပိုးလေး ပြောခဲ့တာ မေ့သွားပြီလား။ ဆိုလိုက်တော့ ခေါင်းလေးရမ်းပြီးပြန်ဖြေရှာတယ်။အဲဒါဆို ရန်ကုန်ပြန်ရောက်တာ နဲ့ ကျောင်းစာတွေကို ကြိုးစားနော်။ ဦးဗိုလ်ကြီး အားတဲ့တစ်နေ့ ရန်ကုန်မှာ သမီး ပိုးပိုးလေးကို လာတွေ့ မယ်။ ဟုတ်ပြီလား။ မငိုနဲ့တော့နော် သမီးကလိမ္မာတယ်။ …ဆိုတော့ ဟင့် ကနဲ့ တစ်ချက်ရှိုက်လို့ အငို မျက်နှာလေး တစ်ခဏချင်းတည်သွားပါတော့တယ်။ လစာကြပ်တစ်ယောက် ရိပ်သာဘက်ကိုလာနေတာနဲ့ ဆရာမောင်မျိုး လာဗျာ ပိုးပိုးလေးကို ခေါ်သွားပေးပြီး အဘတို့ဆီ ပြန်ပို့ပေးလိုက်ပါ လို့ဆိုလိုက် ချိန်မှာပဲ။ ဦးဗိုလ်ကြီး..ဆိုပြီးကျွန်တော့်ကိုတစ်ချက်ဖက်တွယ်ပြီး မျက်ရည်တွေ ကောင်းကောင်းမခြောက်သေးတဲ့ သူပါးလေးနဲ့လာကပ်လို့ ကျွန်တော့်ပါးပြင်ကို လာမွှေးရှာပါတယ်။ ကျလာဦးမယ့် မျက်ရည်ကိုပြန်ထိန်းရင်း ဆရာမောင်မျိုးဆီကို ပွေ့ချီလျက်နဲ့လှမ်းပေးလိုက်ပြီး မိမိကိုယ်ကိုယ်တိုင်က နောက်ကိုလှည့်မကြည့်မိအောင် ကြိုးစားပြီး ကားပေါ်ဝင်ထိုက်လိုက်တယ်။ ကဲ မောင်းတော့ ဆရာတင်ငွေရေ လို့ကားဆရာကို ပြောလိုက်ရင်း မိမိပြောင်းရွှေ့ရတဲ့တပ်တည်ရှိရာ ဒေသအသစ်ဆီ ရထားတစ်တန်ကားတတန်နဲ့ ထပ်မံ ခရီးချီဆက်ဖို့…………

@@@ နေလွမ်းသူ
Friday, December 18, 2009

ဝေဒနာအပိုင်းအစလေးများ (လွယ်လန်းဒေသ)

မင်းက မနေ့တနေ့ကမှ စစ်တပ်ထဲရောက်လာပြီး ပေါက်ကရတွေလာပြောမနေနဲ့ ဟေ့ကောင် ဒီမှာ မင်းထက် စစ်သက်ရောအသက်ပါအကုန်ကြီးတဲ့သူတွေကြည့်ပဲကွ အဲဒါမင်းနားလည်လား.....ဆိုတဲ့ဆရာကြီး တစ်ယောက် ရဲ့ သူ့အောက် တပည့်တစ်ယောက်ယောက်ကို ပြောနေတဲ့အသံကဟိန်းထွက်လာတယ်။ နေရာ လွယ်လန်း စခန်းပွိုင့်ကုန်း။ လွယ်လန်းဒေသ မှာရှိတဲ့ နယ်စပ် စခန်းတစ်ခုပေါ့။ လွယ်လန်း၊လွယ်မဆုတ် တြိဂံဒေသ ရဲ့နယ်စပ် လုံခြုံရေးဒေသအပိုင်းတွေတစ်ချို့ကို အောင်မြေ(၁၊၂၊၃)အစသဖြင့် သတ်မှတ်ထားပါတယ်။ စခန်း ကုန်းတိုင်းကတော့ သိတဲ့အတိုင်း တောင်ကုန်းပြောင်ပြောင်ထိပ်တွေမှာကြည့်ပါပဲ။ တစ်ချို့စခန်းတွေရဲ့ မျက်နှာ ချင်းဆိုင် စကားတခေါ်ပြောအကွာအဝေးမရှိတရှိ၊ မီတာ ၁၅၀/၂၀၀အတွင်း တစ်ဖက်နိုင်ငံယိုးဒယားတပ် စခန်းတစ်ချို့လည်း ရှိနေတတ်ပါတယ်။ သူတို့တွေကတော့ အင်အားလည်း နည်းနည်းချထားသလို တစ်ချို့ တပ်ဖွဲ့တွေက အမြဲတမ်းစစ်တပ်မဟုတ်တဲ့ ယူနီဖောင်း အနက်ဝတ်(ကြေးစား) တွေဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဒီတော့သူတို့အတွက် အုပ်ချုပ်ထောက်ပံ့မှုက အင်အားနည်းသည့်အပြင် ခေတ်လည်း တော်တော်မီတဲ့ အနေအထားဖြစ်တော့ မိမိစစ်သည်များအမြင်မှာတော့ တော်တော်လေးကို အားကျစရာဖြစ်နေစေတာ မဆန်းပါဘူး။

စခန်းပေါ်ကို ရိက္ခာလာပို့ရင် တစ်ပါတ်စာ ရိက္ခာစိုတွေကို ရဟတ်ယာဉ်နဲ့ လာချပေးပါတယ်။ ဘီယာအရက်၊ ခေါက်ဆွဲ၊ အသားဗူးတွေဆိုတာတော့ မမြင်ချင်မှအဆုံးပေါ့။ တစ်ချို့တပ်ဖွဲ့ရဲ့ အနေ အထားအလိုက် ပျော်ပါးဖို့ မိန်းကလေးတွေပါ ပါလာတတ်ပါတယ်။ ဒီတော့ သူတို့စစ်သားတွေအတွက် ရှေ့တန်းစခန်းဆိုတာက ဘုံစခန်း နန်းတမျှပေါ့လေ။ ဒါတွေကို အားကျစရာတော့ မကောင်းပေမယ့် အစားအသောက်တွေ လက်ဆက်နေတာ အချိုရည်မျိုးစုံတွေ update ဖြစ်အောင်ပို့ပေးနိုင်တာကိုတော့ အားကျမိသားလေ။ ဒီဘက်မှာက စားရတဲ့ဆန်က လပေါင်းများစွာ စုပုံသိုလှောင်ထားတဲ့ ရိက္ခာဆန်၊ ကုလားပဲ(ဘာပိုးသတ်ဆေးမှ မသုံးဘူးနော်) အဲဒီတုန်းကတော့ အဟောင်းစားရတာမျိုးလည်းရှိခဲ့တယ်။ အခုနောက်ပိုင်းကျ အသစ်ကိုလှောင် အဟောင်းကုန်အောင်စားတော့ စုပုံသိုလှောင်ရိက္ခာ ဟောင်းတယ်ဆိုတာ မရှိတော့ပါဘူ။ ဆီ၊ဆား အပါအဝင် တစ်ခြား ဟင်းချက်ရင်သုံးတဲ့ အဆာပလာလေးတွေပေါ့။ အသား၊ ငါးဆိုတာကတော့ ဘယ်လိုလုပ် ဝယ်စားနိုင် မလဲ။ ဒီလိုတောထဲမှာ ရွာတွေကိုသွားဝယ်တယ်ထားအုံး ဓလေ့အရ အသားပေါ်တာနဲ့ တိုက်ဆိုင်မှလေ။ ဒါတောင် စခန်းကုန်း အောက်ခြေမှာ ဘာတောင်ယာမှ မရှိရင် ဟင်းသီး ဟင်းရွက်ဆိုတာတောင် တူတူပုန်း ရမယ့်အဖြစ်။ အစားအသောက်က မရိုးနိုင်တဲ့ ကုလားပဲဟင်းလေးနဲ့ ငပိနဲ့ငရုပ်သီးထောင်း ကြက်ဥ ဟင်း ။ အလေ့ကျ ဟင်းသီး ဟင်းရွက်လေးကြော်လို့ ဘယ်တော့မှ ရိုးအီမသွားဘဲ ဘယ်အချိန်စားစား လိုက်ပွဲလေး ထပ်ထည့်ရတဲ့ဓလေ့ကတော့ အရာရှိရော စစ်သည်တွေပါ ထိန်းထားနိုင်ပါတယ်။

ကိုယ့်ထမင်း ကိုယ့်ဟင်းကို ခင်တွယ်တာခေါ်မလားပဲ။တကယ်ပါ။ ဟို ကောင်တွေလိုသာ အစားအသောက် ကောင်းကောင်းနဲ့ဆို မိမိရှေ့တန်းစစ်သားများ နှစ်ပေါက်အောင် စခန်းမှာထားလည်း ပျော်နေလိုက်မယ့် ဖြစ်ခြင်းရယ်။ ရိက္ခာအသစ်ကို သတ်မှတ်ပင်မစခန်းကြီးတွေမှာသွားထုတ်ရတဲ့အခါများ ပျော်ရွှင်ပြီး ဆင်းကြတာပဲ။ သေနတ်တွေကိုယ်စီယူဆောင်လို့။ ရွာတွေရောက်ဖြစ်ခဲ့ရင် ဟင်းသီးဟင်းရွက်လေး ပိုလျှံတာလေးတောင်း၊အသားလေး ငါးခြောက်ငါးခြမ်းလေး ဝယ်တန်ဝယ်နိုင်တဲ့အပြင်စခန်းကုန်းပေါ်စိုက်ဖို့ သီးနှံမျိုးစေ့လည်းရနိုင်တယ်လေ။ ငါးခြောက်၊ အသား ခြောက်လေးနဲ့ ကြက်ဥလေး ဘာလေးကလည်း ကိုယ့်အရာရှိအတွက် ဝယ်လို့ရတာပေါ့။ မိမိတပ်ခွဲ၊တပ်စုအတွက် ရတဲ့ ဆန်၊ဆီ၊ဆား၊ပဲ၊ နို့ဆီ၊သကြားတွေကို အိတ်တွေနဲ့ထုတ်ပိုးခွဲစိတ်လို့ စခန်းကုန်းပေါ်ကိုချွေးဒီးဒီး ရွှဲရွှဲနစ်ပြီး ညနေစောင်းမှ စခန်းကုန်းထိပ်ကို ပြန်ရောက်ကြပါတယ်။ ပင်ပန်းပေမယ့် ရိက္ခာလေးဘာလေး ထုတ်လာတော့လည်း ကျေနပ်မှုတွေက မျက်နှာပေါ်မှာ နေရာယူနေတတ်ကြပါတယ်။

အခုလည်းရိက္ခာလေးဘာလေးကို ချိန်းပြီးထုတ် ချိန်းပြီးစားတာမျိုးလေး လုပ်ဖို့ သူတို့ ဖြစ်ချင်တဲ့ သဘောထား ဆန္ဒလေးတွေ ပြောကြဆိုကြရင်း ထွက်လာတဲ့စကားသံပါ။ ဒုတပ်ကြပ်က ပြောလာလို့ သူ့ထက်သဘာနဲ့ပါဝါ ရင့်နေတဲ့ တပ်ကြပ်ကြီးက ဝင်ပြောလာခြင်းပါ။ စစ်တပ်ကြီးမှာမှ မဟုတ်ပါဘူး။ ဘယ်အသိုင်းအဝိုင်းမှာ မဆို ဖြတ်သန်းလာရတဲ့ အတွေ့အကြုံ အသက်တွေအရ ရာထူးကြီးသူနဲ့ငယ်သူ (စီနီယာ/ဂျူနီယာ) မိမိတို့ ဘဝ အလိုက် ဖလှယ်စရာတွေက ကုန်မှ မကုန်နိုင်တာကိုး။ ဒါကို ရာထူးကြီးသူ အုပ်ချုပ်ရတဲ့သူက လက်အောက် ငယ်သားတွေအားလုံးရဲ့ အမူအကျင့် ဖြစ်နေတာလေးတွေကို သိအောင်လုပ်ပြီး မကျေနပ်သူကို ကျေနပ်မှုတစ်ခု ရလာတဲ့အထိ စကားပုံ ဥပမာလေးတွေနဲ့ ရှင်းပြရ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရတဲ့အခါမျိုးတွေ အားလုံးစိတ်တွေ အမျိုးမျိုးကို တစ်ခုထဲဖြစ်အောင်လုပ်ထားတဲ့ တပ်မတော်ရဲ့ စည်းစနစ်တွေကိုပါ ပြန်ပြောပြရ တာမျိုးလည်းရှိတယ်လေ။ စခန်းပြင်..ပြင် ဆိုပြီး ကိုယ်လုပ်ချင်တာကြည့်ပဲ ဇွတ်လုပ်နေလို့လည်းမရပြန်ဘူး။ တပည့်တွေ ပင်ပန်းနေလား ရာသီဥတုဆိုးနေလား ဒီနေ့ အထက်ဌာနက အရေးပေါ်ခိုင်းတာမျိုး ဦးစားပေးလုပ် ရတာမျိုးရှိလား စသည်ဖြင့် အနားပေးတန်ပေးရတာပေါ့။ ဒီလိုအနားပေးလိုက်ပြန်လည်း လွှတ်ထားလို့ မဖြစ် ပြန်ဘူး။ ယောက်ျားသားတွေစုနေတဲ့ နေရာဆိုတော့ အားနေ အထက်အရာရှိမသိအောင် ဖဲရိုက်တာမျိုးလည်း ရှိတတ်သေးတယ်။

တစ်ခါတစ်ခါကျ အားလုံးစုပြီး ဟောပြောပွဲလေး ဆွေးနွေးပွဲလေး လုပ်တန်လုပ်။ စုပြီး မိမိမှာစရာရှိတာ အထက် လူကြီးတွေရဲ့ သြဝါဒတွေ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအခြင်း သတင်းအချက်အလက် ကိုယ်သိထားတာ လေးတွေကို ပြောပြနေရတာမျိုးလေ။ စကားဆိုတာလည်း ပြောနိုင်မှတော်ကာကျတာ။ တန်းစီပြီးစကားတွေပဲ လှိမ့်ပြောနေလို့လည်း မဖြစ်ပြန်ဘူး။ ဒီလိုမျိုးပြောရဲဆိုရဲပြောတတ်ဆိုတတ်အောင် သင်ပေးလိုက်တာကတော့ အမိကျောင်းတော်ကြီး၊ အရာရှိ၊ဆရာသမားများနဲ့ စီနီယာ/ဂျူနီယာဗိုလ်လောင်းဘဝတွေပေါ့လေ။များသော အားဖြင့်တော့ ခွဲထုတ်စခန်းကုန်းလေးတွေကလွတ်ရင်လွတ်သလိုဖောက်တတ်ကြတယ်။သူတို့ကို အကာအကွယ် ပေးထားတာက ဘန်ကာ/ကတုတ်ကျင်းအဟောင်းတွေပေါ့။ အမိုးအကာနဲ့လုံလုံခြုံခြုံ ဖဲရိုက်တာတို့ ဝိုင်းဖွဲ့ပြီး ရွာထဲက အထက်အရာရှိ/ဆရာကြီးတွေမသိအောင် ခိုးဝယ်လာတဲ့ စပါး(ရှမ်း အရက်) လေးဘာလေးချတာမျိုးပါ။ ကြည့်လိုက်ရင်တော့ ယူနီဖောင်း အီကွတ်မန့် အပြည့်အစုံနဲ့ သေနပ်ကြီး တကားကားနဲ့ စခန်းပတ်လည် လမ်းလျှောက်နေတဲ့ ကင်းသမားတွေနဲ့ ဘန်ကာနားမှာ ကင်းကိုအကူအဖော် လုပ်ပေးတဲ့သူလိုလိုနဲ့ အမှန်က ကင်းသမားကို အဖော်လုပ်ပေးတာမဟုတ်ဘူး။ အဲဒါက ဖဲဝိုင်း/အရက်ဝိုင်းကင်း။ ဒါမျိုးလေးတွေကလည်း ရှိတတ်တော့ အနားပေးထားချိန် မြူလေးဘာလေးမှိုင်းလို့ ရာသီဥတုက မိုးလေးမွှားမွှားပါ ပါလာရင် မိမိတို့ အရာရှိတွေနဲ့ အကြီးဆုံး ဆရာကြီးတွေက လိုက်ပြီး စစ်နိုင်မှ တော်ကာ ကျတာမျိုးပါ။ နယ်မြေဒေသက အေးချမ်းတယ်ဆိုပေမယ့် ရန်သူဆိုတာ မြင်ရတာမဟုတ်သလို ဂျိုတပ်ပြီး ရောက်လာတာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ တာဝန်လေးရှိပြီး ရာထူးကြီးနေတဲ့သူကတော့ သူများတွေထက် လူပင်ပန်းတာထက် စိတ်ပူပင်သောက ပင်ပန်းရတာက များပါတယ်။ ဟူးးးးးးးးးးးးး များလိုက်တဲ့ ဝေဒနာလေးတွေ.........

@@@ By နေလွမ်းသူ

မေ့မရသော နေ့စွဲများ ( ၂ )

ကျွန်တော်တို့ မြန်မာရေးစကားပုံအရ ပျော်ရာမှမနေရ တော်ရာမှာနေရဆိုတဲ့အတိုင်း ကျွန်တော်တို့တတွေလည်း ဒီလိုပါပဲ တော်ရိရော်ရာ အကုန်ကိုလျှောက်ပြောင်းနေကြရသည်ပေါ့ဗျာ။ သံလွင်မြစ်ကြီးခြားလို့ ရှမ်းပြည်ရဲ့ အရှေ့စူးစူး မြောက်ဖက်နည်းနည်းကျတဲ့ မိုင်းယန်းမြို့နယ်အစွန်က တောင်ထိပ်စခန်းတစ်ခုမှာ စခန်းထိုင် ခဲ့ရပါပြီကော။ ပေါတာက ပေါပါတယ် တောင်ယာ စိုက်ခင်းတွေက ပတ်လည်ကိုး။ ကိုယ်သာ မတတ်တာ ဆရာကြီးဆရာများ စစ်သည်များက ရှမ်းစကားကိုကောင်းကောင်း တတ်မြောက်ထားကြတော့ တောင်ယာသွား အိမေ၊အိပေါ့ တို့ ပီအိုက်၊နောင်ရင်း၊ပီနန်း တို့နဲ့ စကားဖောင်ဖွဲ့ စားစရာပြတ်နေပြီ ဘာညာပေါ့။ စခန်း ပြန်လာလို့ကတော့ စုံနေတာပဲ။မုန်ညှင်း၊ကိုက်လန်၊ ကန်ဇွန်းဥ၊ အာတာလွတ်ဥ၊ တောင်ယာတောင်စောင်းက လက်လက်ဆက်ဆက်အသီးအနှံ အကုန်စားရပါတယ်။ ဒါလည်းအဲလောက် ခံတွင်းမတွေ့မိဘူး။ ဒီမောင်က မြေပြန့်က လာတာဆိုပေမယ့် ဒါတွေက ဝယ်စားလို့ရနေတာကိုး။ မဆန်းသေးဘူးပေါ့။ မြေပြန့်မှာလည်း တောင်ယာမြေဟောင်းလောက်တဲ့အချိန် သစ်ပင် အုပ်နဲ့ စိုက်ခင်းဟောင်းအစပ် မြေနေရာပွပွတွေကနေ တူးဆွလို့ထွက်လာတဲ့ သစ်ဥလို သစ်ဖုဖုလိုလို လေးတွေ မလော့ ဆိုလား မနော့ဆိုလား သူတို့ကခေါ်တာ။ ကျွန်တော်ကတော့ မေ့ပြီ စားလို့ကောင်းတာပဲ မှတ်မိ တော့တယ်။ အဲဒီ ဥကိုရေစင်စင်ဆေး အစိမ်းစားလည်း ကောင်းမှကောင်း အရည်လေးတရွှမ်းရွှမ်းနဲ့။ ဟင်း အဖြစ်ချက်စားလည်း မိုက်တာပဲ ။ မြေပဲဆန်ဥ နုနုထွားထွားကို ထောပတ်အရသာ ပတ်ထည့်ထားသလိုပဲဗျာ။ အဲဒါစားပြီး အိပ်လို့အလွန်ကောင်းတာလည်း မှတ်မိနေသေးတယ်။

နောက်တစ်မျိုးကလည်း တကယ်မိုက်တယ်။ ရွှေပဲသီးလိုလို စတော်ပဲလိုလိုအရွက် တို့ ကိုက်လန် မုန်ညင်း တို့ကို ကြော်စားရတာ။ ဒါများဘာဆန်းလဲ မေးစရာရှိတယ်။ တောင်ယာချင်းတူပေမယ့် သူက ဆန်းတာက။ ဘိန်းခင်း ထဲက ဟာမို့ပါ။ ဘိန်းခင်း ဆိုတာ ဘိန်းဖြူမွေးဖွားရာ ဇာတိ ဘိန်းပင်တွေစိုက်ထားတဲ့ တောင်ယာ ဘိန်းစိုက်ခင်း ပေါ့ဗျာ။ ဘိန်းခင်းက ဘာလို့ရှိနေလဲလို့ မေးစရာရှိတယ်။ တောင်ပေါ် ဝေးလံခေါင်ဖျားတဲ့နေရာက အခါ လူမျိုး ၊ လားဟူလူမျိုးတွေက အခုချိန်ထိ တောင်ကုန်းစောင်း တစ်ခု ၄/၅ ဧကလောက်တော့ ဘိန်းကျဲကြတုန်းပါ။ ဒါမှ သူတို့ စားစရာရှိတာလို့ ဆိုပါတယ်။ လူသူ အရောက်အပေါက်လည်းနည်းတဲ့ တောင်ကုန်းဒေသတွေ ဖြစ်နေ တော့လည်း သူတို့မှာ အသိပညာလည်း နည်းလျက်ပေါ့ဗျာ။ (အဲဒီဘိန်းခင်းတွေ ဖျက်ခဲ့ရတာ လက်တောင် ပေါက်ပြဲခဲ့တာဗျ နောက်မှ ပို့စ် သတ်သတ်တင်ပါ့မယ်) ဘိန်းပင် ဆိုတာက အပင်ငယ်ငယ်မှာ အရွက် ကိုက်လံ/ ဆလပ် မျိုးနွယ်လိုပါပဲ။ သူက ဟို အသီးထွက်တော့မှ ဆလပ်ပင် အလယ်က ရိုးတံထွက်သလို အပေါ် ကိုရှည်ထွက်သွားပြီး အသီး သီးတာ။ အဲဒီဘိန်းခင်း အပင် ပေါက်စနလေးတွေကြားကို ဘိန်းစေ့ စကျဲကတည်းက ဟင်းသီးဟင်းရွက်တွေပါ ထည့်ကျဲတာလေ။ ဘိန်းရဲ့ ထူးခြားချက်က သူက အခင်းထဲမှာ ရှိသမျှသော အပင်တွေဆီက အခါးဓာတ် ကိုစုပ်ယူပစ်ခြင်းပါ။ အဲဒီရဲ့ ရလာဒ် က ဘိန်းခင်းထဲက ရသမျှ အသီးအရွက်တွေက သာမန် တောင်ယာအခင်း ကိုင်းသီးနှံစိုက်ခင်းထဲက မည်သည့် အသီးအရွက်တွေအားလုံးထက် ပိုပြီး လက်ဆတ် နုမြစ်ချိုမြနေခြင်းပါပဲ။ မယုံမရှိနဲ့ဗျ ။ ကိုယ်တွေ့ဟေ့၊ ငါတွေ့ဟ လို့ အော်လိုက်မှာနော် ..... တကယ်ကို အရသာရှိတာ။ ဘိန်းရွက်ကတော့ နုစဉ်အခါမှာ မုန်ညင်းနဲ့အတူ ရောကြော်စားလို့ ကောင်းသေးတယ်။ ရင့်သွားတော့ ခါးသပ်သပ်လေးဖြစ်လာတာ။

တကယ့်ကို အရည်ရွှန်းနေတာဗျ။ ညစာကို ဘိန်းခင်းထဲက မုန်ညှင်းရွက်၊ ကိုက်လံ အရွက်စုံကြော်၊ရွှေပဲသီးနဲ့ ဖရုံညွန့် ဘူးညွန့် ဟင်းချိုလေးနဲ့ ထမင်းလေးစားလိုက်တိုင်း အမြဲတန်း လိုက်ပွဲကတော့ မောက်နေအောင် ထပ်ထည့်ခဲ့တာဗျ။ တကယ်။ ဘာအသားမှကို မလိုတာ။ လားဟူရွာခေါင်းဆောင်တွေ လက်ဆောင်ပေးတဲ့ ကျားရိုးစိမ် အရက်လေး စွပ်လိုက်လို့ကတော့ အိုး ဖလန်းဖလန်းကိုထနေတာ (ဟီးဟီး ဘာလဲတော့မသိဘူး ဒီနေ့ အများပြောနေတဲ့စကား သုံးကြည့်တာ) ။ ညည ကင်းသမားတွေနဲ့အတူတူ ကတုတ်ကျင်းထဲမှာ ကန်ဇွန်းဥ ပြုတ်တစ်အိုးနဲ့ ရောက်တတ်ရာရာပြောလို့။ နေ့လည်နေ့ခင်း အချိုတည်း ရတဲ့ အစားအစာတစ်မျိုးရှိသေးတယ်။ ဘာလဲဆိုတော့ ဘိန်းစေ့ လူတိုင်းမြင်ဖူးမယ် အဲဒါကိုတော့ ဟိုဗျာ ထိုးမုန့်စားရင် တွေ့ဖူးကြမှာပါ။ အစေ့ သေးသေးလေးတွေ ဘိန်းစေ့ ဘိန်းစေ့ နဲ့ အဲဒါ ဟုတ်တယ် ဘိန်းပင် ဘိန်းသီးကထွက်တဲ့ ဘိန်းစေ့စစ်စစ်ပဲ။ သူက ဒီလိုစားရတာ။ ဘိန်းစေ့ကို ဒယ်အိုးထဲထည့်ပြီး အရင်လှော်လိုက်တာ။ ပြီးတော့မှ တပ်မတော် နို့ဆီလေးနဲ့ ဆီပူလေးနဲ့ လှိမ့်လိုက်တာ။ အိုး မွှေးနေတာပဲဗျာ အနံ့လေးကို။ ထမင်းလေးစားပြီး အချိုမတည်းရရင်ဖြင့် အစ်ကိုလဲရချေရဲ့ ဆိုတဲ့အတိုင်းမဖြစ်ရလေအောင် အချိုလေးတည်း(တဲ)ပေးရတာကိုး။

ထိုစဉ်အခါက တပ်ခွဲမှူး ကျွန်တော့်ကို လိုလေသေးမရှိ တောင်ပေါ်စာလေးတွေ ချက်ကျွေးခဲ့တဲ့ တပ်ခွဲရုံးက ထမင်းချက်စစ်သည် တပ်ကြပ်ဝင်းမြင့်ကတော့ ငှက်ဖျားရောဂါနဲ့ပဲ ကွယ်လွန်သွားတာ (၂) နှစ်ပြည့် တော့မယ် ဗျာ။ အရာရာ တိုင်းကတော့ အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်စေနေဦးတော့မှာပေါ့လေ။

(၂၀၀၆ ခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေလောက်ကပေါ့။)
@@@ By နေလွမ်းသူ

ပွိုင့် - ၄၇၈၃

ပလက်ခို လို့တွေ့လိုက်ရလို့ ဘာလဲလို့တွေးနေမိကြမယ်ထင်ပါတယ်။ ကရင်ပြည်နယ် ဘောစဲခို ဒေသ အရှေ့ ဘက်စူးစူးမှာတည်ရှိနေတဲ့ တစ်ခုတည်းသော တောင်တစ်ခုပါ။ အမြင့်က မြေပုံပေါ်မှာ P-4783 ပွိုင့် ၄၇၈၃ လို့ ပြထားပါတယ်။ ဝန်းကျင်တစ်ဝိုက်မှာတော့ သူကအမြင့်ဆုံးဖြစ်နေပါတယ်။ အဲဒီတောင်ထိပ်ပေါ်မှာ စခန်းကြီး တစ်ခုတည်ထားပါတယ်။ သဘာဝကျောက်တုံးကြီးတွေနဲ့ မဟာဗျူဟာ ကားလမ်းမကြီးက တောင်ထိပ်ကိုဖြတ်ပြီး ဟိုးအရှေ့ဘက် သံလွင်မြစ်က နယ်ခြားထားတဲ့ ထီးထ- စောထဒေသအထိပေါက်ပါတယ်။ လမ်းမပေါ်မှာတော့ နင်းမိုင်းဆွဲမိုင်းတွေ အပင်ထွက်အောင်ကို စိုက်ပျိုး ထားပြီးသားလည်းဖြစ်ပါလိမ့်မယ်။ တောင်ထိပ်စခန်း ဖြစ်တာနဲ့အညီ လေကတဟူးဟူးနဲ့ မြူခိုး တောင်ငွေ့ဝေနေတာကများပါတယ်။ တောင်ထိပ်မှာ ရန်ကုန်ကလွှင့်တဲ့ City FM ရေဒီယို မိပါတယ်။ တောင်ထိပ်ရေဘယ်လိုဆင်းခပ်မလဲ မေးစရာရှိတယ်။ ရေက စခန်းခြံစည်း ရိုးထဲမှာပဲ ကျောက်သားကျောက်တုံးတွေကာရံထားတဲ့ ချိုင့်ကျင်းလိုနေရာကနေ ရေထွက်နေပါတယ်။ ကျောက်စိမ့်တွင်းပေါ့။ ၃ ရာသီ ရေမပြတ်ပါဘူး။ သဘာဝတရားကြီးကဖန်ဆင်းပေးထားလို့ တော်ပါသေးတယ်။ မဟုတ်ရင် တောင်ထိပ်မှာ စခန်းထိုင်နေတဲ့ စစ်သည်တွေ ရေ အတွက်နဲ့ တစ်နေ့တစ်နေ့ ဒုက္ခရောက်လိုက်မယ့် ဖြစ်ခြင်းရယ်။ ရေဆင်းခပ်ရတာက အသာထား။

တောင်အောက် စခန်းနဲ့အလှမ်းဝေးလေတော့ လူအမြဲ မနေနိုင်၊ ဒီတော့ အလစ်ကို ငပွေးက လာပြီး မိုင်းထောင်သွားမှာပါ။ ရေတစ်ခါချိုးဖို့ ခြေတစ်ဖက်နဲ့ လဲ လိုက်ရတဲ့ သာဓကတွေကလည်း မနည်းတော့ပြီလေ။ တောင်အောက်အဆင်းလမ်းမှာ သစ်ကြီးဝါးကြီးတွေ ပေါတော့ တောကောင်လေး ကြက်ငှက်လေး ထောင်ဖမ်းပြီး အသားဓါတ်ချို့တဲ့မှုကို ဖြည့်ဆည်းကြရ ပါတယ်။ တစ်နှစ်ပတ်လုံးစာ ရိက္ခာခြောက်တွေရှိပေမယ့် လူပါးစပ်က ချိုချဉ်ဖန်ခါး တောင့်တလာတော့ မတင်းတိမ်တာအမှန်ပဲလေ။ ဒီတော့ တောင်အောက်ဆင်း မျှစ်ချိုး ဖားငါးရှာ တောပစ် ။ ငပွေးက အလစ် လမ်းပေါ်တက် မိုင်းထောင်တာမျိုးရှိတတ်တော့ သွားလာ မိုင်းသတိ မိုင်းအသိက ပေါ့ဆလို့ကိုမရဘူး။ သစ်တုံးတို ဝါးပိုးခြောက်တွေမှာ ကပ်တွယ်နေတဲ့ မှိုမျိုးစုံ၊ သစ်ဝါးပိုး တွေက သဘာဝရဲ့ အစားအစာ အထူးအဆန်းတွေဖြစ်လာရတော့တယ်။ စခန်းအဆင်းလမ်းတစ်လျှောက် ပုရစ်တွင်းတူး ညည ပုရစ်ကို ဒယ်အိုးပူလေး ဆီပါးပါးလှိမ့်ကြော်စားရတဲ့အရသာကလည်း ထူးမှထူး။

ဝါးသစ်ချသီးပင်တွေပေါတာက နေ့စဉ်ဟင်းကိုဖြည့်ပေးပြန်တယ်။ထုပြီး အထဲကအဆံကို လှော်စား။ ကြော်စား။ ဟင်းအဖြစ်လုပ်စား တကယ်ကို မိုက်တယ်။ ကင်းသမား တွေ ညကင်းစောင့် လမ်းလျှောက် ထိုင်ထိုင် ရပ်ရပ် ဝါးသစ်ချသီးလှော် မဝါးရအမိန့်ထုတ်ရတယ်။ ကင်းပါဆို ပါးစပ်ကတဂျောက်ဂျောက်မြည်နေတာကိုး။ လုံခြုံမှုအရပေါ့။ ရေငွေ့စိုစို ကျောက်တုံးနက်ကြီးတွေမှာကပ်နေတဲ့ ကျောက်မှော်(ရေညှိပုံစံ) ပြုတ်ပြီး တပ်မတော်ကုလားပဲလှော်ထောင်းလေးနဲ့ သုပ်စား အရမ်းနူးညံ့တဲ့ဖြစ်ခြင်းဗျာ။ တစ်နေ့တစ်နေ့ ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိ စာအုပ်မဆိုထားနဲ့ စာရွက်လေးတစ်ရွက်လောက် ဖတ်စရာ ရရင်ကို ကျေနပ် သဘောကျနေရတာ။ နောက်တန်းအကြုံနဲ့ စားစရာရယ် စာလေးတစ်စောင် နှစ်စောင်နဲ့ ဖတ် စရာစာအုပ်လေးတွေရောက်လာတဲ့နေ့ကတော့ လောကနိဗ္ဗာန်အလားထင်မှတ်ထားကြရတဲ့အဖြစ်။ ရက် တွေ၊လတွေမြန်မြန်ကုန်ပါစေလို့ပဲ တောင်ထိပ်ကနေ ဘုရားစာရွက်သလိုရွက်တဲ့သူကလည်းရှိသေး။ ဘာပဲ ဖြစ်ဖြစ် နောက်တော့လည်း ဒီတောဒီတောင် ဒီဒေသတွေကို သတိတရတော့ဖြစ်မိသားလေ။

@@@ By နေလွမ်းသူ (mmcyber ဖိုရမ်တွင် တင်ပြီးဖြစ်)
Thursday, December 17, 2009

မေ့မရသော နေ့စွဲများ ……………

ဘုရားဝတ်ပြုပြီးတာနဲ့ လက်စွဲတော်ရေဒီယိုလေးကိုင်လို့ တဲအပြင်ထွက် မနက်ခင်း အေးအေးချမ်းချမ်း လေကောင်းလေသန့်လေး ရှူရှိုက်လို့ စခန်းကုန်း တစ်ပတ်လည်ကို တစ်ချက်ဝေ့ဝဲ ကြည့်လိုက်တယ်။ မီးခိုး လေးတွေ တလူလူနဲ့ အင်းပေါ့ ဒီအချိန်ဆို မောနင်းတီးလေးဖျော်လို့ ညကကျန်တဲ့ထမင်းလေးတွေ ဒယ်အိုးကင်းပူ ဆီပါးပါးလေးတိုက်လို့ ဆနွင်းပါးပါး ဆားများများနဲ့ (ဆားကတော့ အခဲလိုက်တောင် ပါတယ်) ချွေးထွက်များလို့ ဆားများများ စားခိုင်းထားရတယ်။

ငှက်မျိုးစုံအော်သံ ဝါးရွက်တွေ လေအဝေ့ ထွက်လာတဲ့အသံ တကယ့်ကို သာယာပါတယ်။ ခဏနေတော့ ကျွန်တော့်တပ်ခွဲရုံး ထမင်းချက်(ချက်ကြီး) အာပီဂျီ တင်ငွေ ထမင်းကြော် ပန်းကန်လေးနဲ့ လက်ဖက်ရည် ခွက်လေး ကိုင်လို့ တဲရှေ့က ဝါးစားပွဲလေးပေါ် လာတင်ပေးတယ်။ 'ဗိုလ်ကြီး' လို့ နောက်ကနေခေါ်တာနဲ့ လှည့် မကြည့်ဘဲ အေးထားခဲ့လေကွာ ဆိုတော့ ဟုတ်ကဲ့ ဆိုပြီး ငြိမ်ပြီးရပ်နေတာနဲ့ ပြောတပည့်ကျော် မင်းတစ်ခုခု ပြောမလို့မို့လား ဟုတ်တယ်ဗိုလ်ကြီး တစ်ခြားတော့မဟုတ်ပါဘူး …(အဲဒီလိုတစ်ခြားတော့ မဟုတ်ပါဘူး တွေပဲ ရင်ထိတ်ရတာ ဘာပြသနာဖြစ်ပြန်ပြီလဲပေါ့) တပ်စိတ်တွေမှာ ရိက္ခာနည်းကုန်ကြပြီ …. ဟေ တစ်နေ့က ငါမေး တော့ တစ်ပါတ်လောက်ရသေးတယ်ဆို တို့ခွဲရုံးမှာရောဟုတ်ကဲ့ ခွဲရုံးကို လာချေးလို့လည်း ဆန်နဲနဲစီနဲ့ ဆီ မျှပေးလိုက်သေးတယ်.. တစ်ချို့ဆို မနက်ထမင်းကြော်ကို မစားကြ တော့တာ….တဲ့။ ကဲ ဇာတ်လမ်းကစပြီ။

အဲဒီ့ရိက္ခာ ပြဿနာက တကယ့်ကို ပြဿနာ တစ်ခြားနေရာတွေ အကြောင်း မဟုတ်ပေမယ့် အခုလို မိုင်း အန္တရာယ်များတဲ့ ကရင်ပြည်နယ် တောထဲရှေ့တန်းက ခေါင်းခဲစရာတစ်ခုပါ။ အခွင့် မရဘဲ တစ်နေရာနဲ့ တစ်နေရာ သွားလို့မရ သလို သွားတာနဲ့ မိုင်းဖြစ်စဉ် တိုက်ပွဲဖြစ်စဉ် တစ်ခုခုဆိုတာနဲ့ ဖြေရှင်း ပေတော့။ ရန်သူ ဘယ်နှယောက် မိမိဘယ်လောက်ပေါ့။ အခုလည်း ရိက္ခာထုတ်ထားဦးမလား စစ်ကြောင်းမှူးမေး တုန်းက လောက်သေးတယ်။ အခုမလောက်တော့ဘူးဆို ဘယ်ကောင်းမလဲပေါ့။ ကဲ ခေါ်ကွာ ဆရာကြီးတွေ …. ။

သူတို့မလာခင် တဂွီဂွီမြည်နေတဲ့ ဗိုက်ထဲကို Army Tea လေး လောင်းချ လိုက်တယ်။ အင်း လ္ဘက်ရည်ကတော့ နို့ရောင်ရောရော အရသာရှိရှိပဲ။ ဒါကိုလည်း တပ်ခွဲမှူး လုပ်တဲ့ အရာရှိတွေက သောက်ပြီး လျှာဖျားမှာ အရသာကို သေချာစစ်ဆေးရတယ်။ အရသာကို ခံချင်လို့တော့ မဟုတ်ဘူး။ အချိုအရမ်းပေါ့ နို့ဆီအရောင်က ပါနေပေမယ့် ဒါ သေချာတယ် သကြားပြက်နေပုံ။ အရောင်က လုံးဝ အကျရည်ရောင် ကျစိမ့် အရောင်ဘက်များပြီး အချိုဓာတ်က ပုံမှန်ဆိုရင် နို့ဆီ နည်းနေလို့ ချွေတာနေပြီ။ နောက် အကျရည်အရောင်လုံးဝ မပါတာမျိုး နွားနို့ရောင် အချို ပေါ့ပေါ့ဖြစ်လာပြီဆို သေချာပါပြီ အင်း အချိုခြောက်နဲ့သကြားပါးဆို မရှိသလောက်ပေါ့…… ဒီလိုမျိုးလေးတွေ။ (ပြောရင်း ရန်ကုန်က Lucky Seven (၈မိုင်ကားဂိတ်နားက) လ္ဘက်ရည်ကိုတောင် လွမ်းလာပြီ.. လမ်းကြား လေးထဲမှာ)

ခဏကြာတော့ ဆရာကြီးတွေနဲ့ အတူ တပည့်ကျော်ပြန်ပါလာတာနဲ့ ရော့ ချက်ကြီး ထမင်းကြော် ပန်းကန် ပြန်ယူ သွားတော့ မစားရသေးတဲ့ ရဲဘော်တစ်ယောက်ကို ကျွေးလိုက်။ တီးတော့ထားခဲ့ ( ဟုတ်တယ် လေ ဒါက ထမင်း ကြော်ထက် အရေးကြီးတယ်) ကဲ ဆရာကြီး ဆရာ့ဆရာကြီးများ ( နဲနဲ ရွဲ့သံလေးပါလာတယ် တင်းနေတယ် ပေါ့လေ) ဟိုနေ့က စစ်ကြောင်း ၁ ရုံးက ၃၂ ကိစ္စ မေးလာလို့ ကျွန်တော် အကုန်ခေါ်မေးတော့ လောက်သေး တယ် အေးဆေး ဗိုလ်ကြီးဆို အခု စနေပြီလေ ဇာတ်လမ်းက။ ဒါတောင် ဘယ်သူမှ သတင်းလာပို့တာ မဟုတ်ဘူးနော်။ (ကိုယ့်ဘာသာသိတဲ့အထာနဲ့ အဟဲ အမှန်က တပည့်ကျော်ပြောလို့ ဒီလိုပဲ အရာရှိပါဆို အရာရာ သိရှိထားရမယ်လေ)။

ထမင်းဝအောင် မစားရတော့တဲ့ တပ်စိတ်က ဘယ်လောက်တောင် ရှိနေပြီလဲမသိဘူး။ ဆရာကြီးတို့ သိတဲ့အတိုင်းပဲ သွားမယ်လာမယ်ဆို ဗျူဟာကိုပြောရ စစ်ကြောင်းရုံးကို သတင်းပို့ရ ခွင့်ပြုချက်မရ ဒီတိုင်း ငုပ်တုတ်နေပါဆို ကဲ ဘယ်လိုလုပ်မလဲ ။ ဘာနဲ့သွားစားကြမလဲ ဟင် … ရိက္ခာနည်းနေတာကို တို့ ဗိုလ်ကြီး ဆရာကြီးတွေက ဒီလိုပဲ ကြည့်နေတယ်လို့ အောက်က တပည့်တွေ ထင် ကုန်ဘယ်လို လုပ်မလဲ ။ ခေါင်းဆောင် လုပ်နေတဲ့ ဆရာကြီးတို့ ကျွန်တော်တို့ ဘယ်မှာသွား သုံးစားမလဲ ကဲ ပြော ကြလေ
… ဆိုတော့ မလှုပ်ကြဘူး။ ဒီလိုပဲတပ်မတော်မှာက ကိုယ့်အရာရှိ စိတ်တိုပြီဆို ကုပ်နေတယ် ။ မကုပ် ကြည့်ပါလား တုတ်ခံရမှာပေါ့။ စစ်ကြောင်းမှူးက ခွင့်ပြုတယ်ထား။ ဗျူဟာက ခွင့်မပြုရင် အဲဒါက ပြဿနာ။ နောက်မှ ရိက္ခာစားတက် အဲဒီမှာ ရိက္ခာတွေ မထုတ်ဖြစ်ဘဲ လိုစားပြနေအခက်။ ရှင်းတော့ အဲဒါကို ။ ဆရာကြီးအကုန် ကျွန်တော့်ထက် အဲဒီကိစ္စ ပိုသိကြမှာပါ။ တပ်မတော်မှာ အထူးသဖြင့်ရှေ့တန်း ရိက္ခာကို စားစမ်း စားလို့ကုန်တာ။ နှစ်ဆထုတ်ပေးတယ်။ တကယ်လည်း ပင်ပန်းလို့ ။ ပိုစား(ရိက္ခာကို ပိုထုတ်မိသွားတဲ့ အပါတ်)၊ လိုစား(ထုတ်ယူစားရမယ့်ဟာထက် လျော့နည်းပြီး ထုတ်စားတာ) ပိုစားကဘာမှ မဖြစ်ပေမယ့် လိုစားဆို လာတော့မှာလေ။ စစ်သည်တွေကို ရိက္ခာထုတ် မပေးဘူးလား။ ဘာနဲ့စားနေလဲ ဒီအကြားထဲ ရွာတွေကရနေလို့လား ပိုက်ဆံတွေပေါနေလို့ ဝယ်စား နေတာလား မင်းတို့က ကိုယ့်ရိက္ခာကို ထုတ်မစား ကြရအောင် … ဆိုလာရင် ကဲ ရှင်းလေ ။ ဘယ်သူရှင်းမလဲ ? ဆိုတော့မှ ဟုတ်ပါတယ် ဗိုလ်ကြီးတဲ့

ဆရာကြီး CQ က (အဲဒီ CQ က စားရေးသောက်ရေးတာဝန်ခံပဲ ဆိုပါတော့) အခုမှ ဟုတ်မနေနဲ့ လုပ် မနက်ဖြန် ဆရာကြီး ၂ ယောက် လက်ရွေးစင် ၂ စိတ်လောက်ထုတ် အကုန်လက်နက်ငယ်ကိုယ်စီ အကြီး ၂ ခုနဲ့ ရိက္ခာသွား ယူဖို့ အခုပြီးတာနဲ့ လူ တစ်ခါထဲ ထုတ်။ ယောင်တောင်တောင် ငေးတေးတေး နေအိမ်လွမ်းဆွတ်မိန်းမတမ်းတတဲ့ ကောင်တွေ ခေါ်မသွားနဲ့ သွက်သွက်လက်လက် မာမာချာချာတွေ ရွေးခေါ်သွား။ ထွက်ခါနီး ဆရာကြီး CQ သတင်းလာပို့ ။ ကဲ ဘာမရှင်းတာရှိလဲ မရှိပါဘူးဗိုလ်ကြီး … (မနားတမ်းပြောထည့်လိုက်တာ အသက်တောင် မနည်းရှူရတယ်)

တခုသတင်း ပို့ချင်ပါတယ် ဗိုလ်ကြီး …….. ဟုတ်ပြီ ပြောဆရာကြီးဒိုးလုံး
(သူ့နံမည်အရင်းတော့ မဟုတ်ပါဘူး သူက ဒိုးလုံး crazy တဲ့လေ အဲဒါကို အကြောင်းပြုလို့ တပ်ကြပ်ကြီးဒိုးလုံး ဖြစ်နေတာ) ။ ဆရာစိုးမြင့်ထွန်း ကိုခေါ်သွားချင်တာ သူက တုတ်ကွေးဖျား ဖျားလို့ ဆေးတိုက်ပြီး သိပ်ထားတယ်။ ဟာ ဖြစ်ရပြန်ပြီ အဖျားကြီးလား (မေးလိုက်မိပြီးမှ ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိတယ် ငါနှယ်နော် အညာစကားနဲ့ သွားပြောမိတယ်လို့ …နို့ ကျွန်တော်က အညာသားလေးလေ.. :D ) ကိုယ်နဲနဲပဲ ပူတယ် ဗိုလ်ကြီး ထမင်းရေပူပူနဲ့ ဆေးတိုက် ထားပါတယ်…တဲ့ ဆေးတပ်သားက ဘာပြောလဲ … ဘာမှတော့ပြောမသွားဘူး ဟာ ဒီကောင် ခေါ် မောင်ဆေးတပ်သား (ဆေးသင်တန်းတတ်ပြီးသား ဒုတပ်ကြပ်တစ်ယောက်ပါ) ။။ တုတ်ကွေးဖျားဆိုပဲ သိသလို လိုနဲ့ အမယ် ငှက်ဖျားဆို ဘယ်လိုလုပ်မလဲ ကဲ… ဟုတ်တယ်လေ တပ်မတော်မှာ ငှက်ဖျားဆေးတွေ ထုတ်ပေး ထားတာ။ ငှက်ဖျားနဲ့တစ်ခုခုဖြစ်လို့ကတော့ ဆေးမသောက်သူမှာ တာဝန်ကိုး။ နေပါဦး ဒီကောင် မနေ့က ဘာတွေ အစားမှားသေးလဲ မှိုတွေဘာတွေ စားလို့လား …. ဆိုတော့ မစားဘူးဗိုလ်ကြီး တောင်ပိန္နဲရွက်နဲ့ ပဲဟင်းပဲ စားတာ။ …. ဟုတ်မှာပါ ကိုယ်တောင် တောင်ပိန္နဲရွက်နုလေးနဲ့ မြောက်ဥ ၊ ကုလားပဲဟင်းလေးနဲ့ မြိန်နေရတာ။ အင်း ဖျားတယ်နာတယ် ဆိုလို့ နောက်နေ့ တပည့်တွေ သေချာထပ်လိုက်ကြည့်ဦးမှပါ ……. တော်ကြာ အဖျား ကူးကုန်မှ စခန်းတစ်ခုလုံး ဟုတ်ပေ့ဖြစ်နေဦးမယ် …………….. ဟူးးးးးးးးးးးးးးး ဒီရက်စွဲတွေ ဒီနေ့ရက်တွေ။

နေလွမ်းသူ

နေလွမ်းသူပြန်လာပြီ

မင်္ဂလာပါ။ အားလုံး သက္ကရာဇ် ၂၀၁၀ နဲ့အတူ ကိုယ်စိတ်နှလုံး ခံစားမှုအသစ်အသစ်၊ ဘဝမှာ မကြုံရဖူးသေးတဲ့ ရင်ခုန်လှိုက်ဖိုမှု အသစ်တွေနဲ့အတူ ထာဝရအေးချမ်း ပျော်ရွှင်ကြပါစေသားဗျာ။ ကျွန်တော့်ကို အခုဒီ ဆိုက်ဒ်လေး လုပ်ဖြစ်အောင် ဖိအားပေး သူကိုယ်တိုင်လည်းကြည့်ရှုပေး ကူညီပေးတဲ့ ညီမထက်ရည်မွန်အိ၊ စာရေးဖို့ အမြဲအားပေး လိုတာမှန်သမျှကူညီပေးခဲ့တဲ့ ညီမဝါဝါ၊ အရင် ကြိုးမဲ့စွန်ရဲ့ စီဘောက်စ်ကနေ စာပြန်ရေးဖို့ အမြဲတိုက်တွန်းတတ်တဲ့ မရွှေဖူး(Spore)၊ ကိုအောင်မျိုးကျော်(Australia)၊ ကိုနိုင်၊ ကျွန်တော်ရဲ့ နေလွမ်းသူ မှစပြီး နေလွမ်းသူ-၃ အထိ အမြဲလိုက်ပါအားပေးခဲ့တဲ့ အစ်မ မမေဦးခင်နှင့်ကျန်ပရိတ်သတ်အားလုံး နယ်သား တွေနဲ့အတူ နယ်သူ မိစိမ်း(Spore) အားလုံးအားလုံး အားပေးနေမှုကို လေးစားသောအနေနဲ့ လည်းကောင်း၊ ကျွန်တော့်ဝါသနာအထုံကို မစွန့် လွှတ်နိုင်သေးမှုကြောင့်လည်းကောင်း ဒီ စာမျက်နှာလေးကို ဖန်ဆင်း အသက်သွင်းလိုက်ပါတယ်။ အားလုံး စိတ္တသုခ၊ကာယသုခ နှစ်ဖြာသောသုခနဲ့ ထာဝရပျော်မွေ့ကြ ပါစေ သားဗျာ။
(နာမည်များဖြင့် မဖော်ပြခဲ့သော ကျေးဇူးရှိသူများ၊ ကျွန်တော် ရေးသားသော စာများကို လာရောက်ဖတ်ရှု အားပေး ကြတဲ့ စာဖတ်ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအထူးကို တင်ရှိပါတယ်)

နေလွမ်းသူ