Saturday, March 6, 2010

ဘိန်းဖျက်ခရီး (အပိုင်း-၁)

မိုင်းခတ် ခလရ(---)မှာ တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ကာလ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ဆောင်းတွင်းတစ်ခုမှာပေါ့။ တပ်ရင်းတစ်ရင်းလုံးက နယ်မြေဒေသ လုံခြုံရေးအဖြစ် ရှေ့တန်းထွက်နေချိန်ဆိုတော့ တိတ်ဆိတ်သယောင်ယောင်နဲ့။ ရုံးခန်းထဲမှာ ကြည့်စရာရှုစရာ အထက်ဌာန အဝင်ကြေးနန်းတွေ၊ ရှေ့တန်းက တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်တွေ မှတ်တမ်း အဖြစ်ဖိုင်တွဲတာတွဲ၊ ဖတ်တန်တာဖက်၊ လက်မှတ်ထိုးစရာရှိတာထိုးနဲ့ (အဲဒီအချိန်ကာလက တပ်မှာ အော်တိုတယ်လီဖုန်း မရှိသေးတာ တစ်နည်းတော့ နားအေးသလိုလိုပဲ ..) ငြိမ်နေတဲ့ ရုံးခန်းကို ဆူညံညံ ဆိုင်ကယ်သံနဲ့ မီးခိုးတွေလွင့်ကျန်ပြီး ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးသက်ထွန်း ဆင်ဝင်အောက်အရောက် ဆိုင်ကယ်ပေါ်ကတောင် မဆင်းရသေးဘူး ကဲ ညီလေးကိုနန္ဒအောင် လစာကြပ်တွေခေါ်ကွာ တပ်ခွဲတစ်ခွဲစာ မင်းဦးစီးပြီး လူရအောင်ထုတ်မယ် ဆိုတဲ့ အသံက ဖြိုခွဲ ရောက်လာတယ်။ အေးဆေးပါဗိုလ်မှူးရာ လမ်းကင်းလုပ်ပေးဖို့မဟုတ်လား။ လစာကြပ်တွေ မလိုပါဘူး ကျွန်တော်ဟာကျွန်တော် ထုတ်သွားလိုက်မယ် ဘယ်တော့လဲ အချိန်နဲ့ ၂ခု ကိုသာ ပြောပါ (စထွက်ရမယ့်အချိန်နဲ့ ဘယ်အချိန်မှာ လူကြီးယာဉ်တန်း/တပ်မတော်စစ်ကြောင်း/ အရေးကြီးယာဉ်တန်းဖြတ်မယ်ဆိုတဲ့ ၂ ချိန်) ဆိုတော့ ဘယ်ကလာ ဒီလောက်လွယ်တာလေး အခုလိုပြောနေမလားဟ ငါ့ညီရ။ အခုဟာက ဘိန်းဖျက်ဟေ့ ဘိန်းခင်းဖျက် ထွက်ရမှာဟ…..။


ဗျာ …. ဘိန်းဖျက်ထွက်ရမယ် ဟုတ်လား ဆိုတော့ အေးဟုတ်တယ် ဗျူဟာအစည်းအဝေးက အခုပဲပြန်လာတာ။ ညနေကျရင် တိုင်းကိုတင်ထားတဲ့ ကြေးနန်း တပ်တွေကို မိတ္တူပေးထားတာ ရောက်လာလိမ့်မယ်။ အဲဒီမှာ ရက်အလိုက် ပါပြီးသား။ ဟာ ဗိုလ်မှူးရယ် တပ်ရေးဗိုလ်ကြီးလေ တပ်ကနေတစ်ဖဝါးမှ ခွာလို့မရတဲ့ဟာ (ဈေးဆစ်တာ ဈေးဆစ်တာ)။ ဆရာ ကျုပ်လွှတ်တာ မဟုတ်ဘူးနော်။ ကျုပ်ဟာကျုပ်ဆို အဲလို တစ်ပါတ်မပြောနဲ့ မင်းကို တစ်ခဏတောင် မျက်စိ အောက်က အပျောက်မခံချင်တာ (သူပြောတာဖြစ်နိုင်တယ် ကျွန်တော့်ကို မိုင်းခတ်မြို့ထဲ ခဏ ဆင်းရင်တောင် သူက လိုက်လိုက်လာတယ်။ သူလည်း အိမ်မကပ်ချင်လို့ဖြစ်မှာပေါ့) ဟိုဘက် တပ်က မင်းအပါတ်စဉ်က တပ်ရေးဗိုလ်ကြီးလည်း မင်းနဲ့တစ်ရက်ထဲ ထွက်ရမယ် လမ်းကြောင်း တွေတော့ မတူဘူးပေါ့…တဲ့။ သြော် တယ်ဟုတ်ပါလား။ တစ်ပါတ်စဉ်ထဲ တပ်ရေးဗိုလ်ကြီးတွေ အရှုပ်ထုတ်တွေကြားကနေ ခဏ နားအေးပါးအေး သွားရဦးတော့မှာပေါ့နော်… ဆိုတော့ သူက အေးပါ နားအေးမလား နားမအေးလား တောင်ပေါ် ဘိန်းခင်းတွေတွေ့မှ မင်းသိမယ်ဆရာ..တဲ့ ဆေးတပ်သားနဲ့ စက်သမားပါ ခေါ်သွား။ ကိုယ် ရှေ့တန်း အဘနဲ့ အဆက်သွယ်ယူတာကို ဗျူဟာကစက်နဲ့ပဲ ဖြစ်အောင်လုပ်လိုက်မယ်။ ညီလေးအဆင်ပြေအောင်သာ အရင်လုပ်သွား.. မနက်ဖြန် ဗျူဟာကုန်းမှာ ၀၇၀၀ နာရီ အရောက် မင်းတို့ တပ်ခွဲ ၂ ခု ဗျူဟာမှူးကို တန်းအပ် နိုင်အောင်လုပ်ပေတော့………… တဲ့။


စစ်ဗျူဟာအခြေချအဖွဲ့(မိုင်းခတ်)

ဗျူဟာကုန်းပေါ်ကိုရောက်တာနဲ့ ဗျူဟာ G-2 ကို သတင်းပို့လိုက်တယ်။ သိပ်မကြာဘူး တစ်ဖက် တပ် ခမရ(---)က မိမိနဲ့ တစ်ပါတ်စဉ်ထဲ တပ်ရေးဗိုလ်ကြီး (event တူတွေပေါ့) နဲ့သူ့တပ်ခွဲလည်း ရောက်လာတယ်။ သူလည်း သတင်းသွားပို့ပြီး ပြန်လာတာနဲ့ မကြားဖူးဘူး ဟကောင်ရေ မင်းတို့မိုင်းခတ်ရောက်မှပဲ တပ်ရေးဗိုလ်ကြီးတောင် တပ်မှာ အေးအေး မနေရပါလားဟတဲ့။ သူက မိမိကို ပြောလာတယ်။ အောင်မယ် ဘာမင်းတို့ မိုင်းခတ်လည်း ငါ့မိုင်းခတ်မဟုတ်ဘူးကွ ငါလည်း ဒါကို အံ့သြနေတာ။ နေခဲ့ဖူးတဲ့တပ် ကြုံခဲ့ဖူးတဲ့ တပ်တွေမှာ တပ်ရေးဗိုလ်ကြီး တစ်နာရီလောက် ဘဏ်သွားတာ မြို့ထဲသွားတာလောက်တောင် တပ်မှာ သူ့အလုပ်တွေ သူ့ကို စောင့်နေတဲ့ကိစ္စတွေက ပုံထပ်လို့။ အခုလိုတစ်ပါတ် ဆယ်ရက်များတော့ ကြားအောင် ကြားဖူးဘူးဟ လို့ ပြောဖြစ်ကြတယ်။ ဒါလည်းဟုတ်တော့ ဟုတ်ပါတယ်။ နေမြေဒေသ စစ်ဆင်ရေးနယ်မြေအပေါ် မူတည်ပြီးကွဲပြားသွားကြတာမျိုးပါ။ တစ်ပါတ် ဖြစ်ဖြစ်တစ်လဖြစ်ဖြစ် မင်းကမိန်းမရှိတဲ့ကောင် မင်းတို့အိမ်ထောင်သည် ဆိုတာမျိုးက ဘာမှ ပူစရာမလိုပါဘူးကွာ။ နောက်က မိန်းမတွေကနေ အကုန်ထည့်ပေးစီစဉ်ပေး လိုက်ကြ တာပါ။အိမ်သာသုံးစက္ကူကအစလေ။ ငါတို့လူပျိုတွေသာ ထမင်းချိုင့်တွေပန်းကန်တွေ ဘယ်က သွားဆွဲလို့ ဆွဲရမှန်းမသိ၊ ဆိုတော့ တော်ပါကွာ မင်းကလည်း ငါလည်း လူပျိုဘဝကလာတာပါ။ မင်းတို့ လူပျို ဘာပူပင်စရာရှိလို့လဲ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်။ တပ်ပြန်လာ စားစရာရိပ်သာရှိတယ်။ ရိပ်သာမှာ စားစရာမကျန် အိမ်ထောင်သည် စီနီယာကြီးတွေအိမ်ပြေး ချွဲပြလိုက် စားစရာတွေကုန်တောင် မကုန်ဘူး တဲ့………….မိမိ ကိုပြန်တွယ်လာပါတော့တယ်။


သိပ်မကြာခင်မှာပဲ ပူးပေါင်းအဖွဲ့တက်လာပြီးသတင်းပို့လာတယ်။ ဒုရဲအုပ်(၂)ယောက်ဦးစီး ရဲတပ်စိတ် နှစ်စိတ်၊ မယကအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မြေစာရင်း အရပ်ဘက်ဌာနများက (၂)စီ ပူးပေါင်းအဖွဲ့ ကို ရဲတပ်စိတ်အပါဝင် ဌာနဆိုင်ရာတွေပါ မိမိတို့ တပ်ခွဲ(၂)ခွဲမှာ အညီအမျှခွဲပြီး ဝင်တန်းစီစေလိုက်တယ်။ လူစုံပြီဆိုတာနဲ့ စစ်ဗျူဟာမှူး(ယခု သံတောင်ကြီးတိုက်ခိုက်ရေး ဒုတိယကျောင်းအုပ်ကြီး) သြဝါဒပေးပါတယ်။ ဘိန်းခင်းတွေ ဖျက်ဖို့လွှတ်တာဟာ နိုင်ငံတော် စီမံကိန်းတစ်ခုအနေနဲ့ လုပ်တာဖြစ်လို့ သေချာလုပ်ဖို့လိုကြောင်း၊ လုံခြုံဘေးကင်းရေး၊ အုပ်ချုပ်မှု ဖြစ်စဉ် မဖြစ်ပွားရေး စသည်ဖြင့်မှာပါတယ်။ ဦးစီးခေါင်းဆောင် တပ်ခွဲမှူး ဗိုလ်ကြီးနှစ်ယောက်လုံး ငါ့အကြောင်းတော့ မင်းတို့ ဗိုလ်လောင်းဘဝကတည်းက သိပြီးသားပဲ (မသိဘဲနေမလား မိမိတို့ ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်း သက်တမ်း(၂)ဆက်တောင် မီခဲ့တဲ့ ဆရာအရင်းခေါက်ခေါက်တွေပဲ။) နောက်ဆုံးစကားကတော့ အေး အဖွဲ့တွေအားလုံး သိထားရမှာက နောက်တစ်ပတ်အတွင်း စစ်ကြောင်းတွေနဲ့ ပြန်မွှေမှာ ဖြစ်တယ်။ သူတို့တွေ ပြန်ဝင်တဲ့အခါမှ မင်းတို့အဖွဲ့တွေ ဖျက်ဆီးပြီးကြောင်း တင်ပြထားတဲ့ နေရာမှာ ဘိန်းခင်းတွေ တွေ့လို့ကတော့ မင်းတို့တွေ နာပြီသာမှတ်တဲ့။ ငါကိုယ်တိုင် အရေးယူမှာ …တဲ့။ အနည်းဆုံးတော့ ဂျေးအောင်းရမယ့်ကိန်းပါ။ ဘာသတင်းပို့စရာရှိလဲ ဆိုပြီး နောက်ဆုံး မရှိပါဘူးနဲ့ ပြီးသွားတာနဲ့ အလေးပြုလိုက်လိုက်ပါတယ်။ တပ်ခွဲကိုယ်စီ သက်သာအနေထားနဲ့ မိမိတို့ ထပ်ပြီး မှာစရာရှိတာ ထပ်မှာရတာပေါ့။ အားလုံးဟာ နိုင်ငံဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေအဖြစ်၊ ရဲဘော်ရဲဘက်အဖြစ် သဘောထားပြီး မိမိတို့အပေါ် တိုက်ရိုက် ကျရောက်လာတဲ့ အခု အမျိုးသားရေးတာဝန်ကို ညီကိုတွေလို တက်ညီလက်ညီ ပူးပေါင်းပြီး အောင်အောင်မြင်မြင်ဆောင်ရွက်သွားကြဖို့ လိုကြောင်း ဘာညာ စသည်ဖြင့် စသည်ဖြင့်ပေါ့လေ…….။


(ဆက်လက်ဖော်ပြပါမည်) @@@နေလွမ်းသူ

No comments:

Post a Comment