Friday, April 30, 2010

ဘိန်းဖျက်ခရီး (အပိုင်း-၃)

တစ်ညတာတည်းခိုတဲ့ ရွာကနေခွာခဲ့ကြပြီ။ မြေပုံပေါ်က လမ်းကြောင်း(မိမိသွားရှင်းရမယ့် ဂွင်)အတိုင်း ဆက်လက် ခရီးနှင်ခဲ့ကြတယ်။ တောင်ယာအဟောင်းတောင်ကုန်းကို တစ်နာရီနီးနီးလောက်တက်ပြီး ကုန်းထိပ်ရောက်တာနဲ့ တစ်ဖက်ဆင်ခြေလျှောစောင်းမှာ စိမ်းလန်းစိုပြေနေတဲ့ ဧရာမဘိန်းခင်းကြီးက စတင် ဆီးကြိုလိုက်ပါတယ်။ အပင်အမြင့်ကမြေကြီးကနေ တစ်ထွာသာသာပဲရှိပါတယ်။ အရွက်ကတော့ ဆလက်/ မုံညင်းတို့အနွယ်ဝင်တာနဲ့အညီ ရှည်မျောမျောလေးတွေပုံစံမျိုးပါ။ မြေစာရင်းအဖွဲ့ကိုအနားခေါ်ပြီး ဧရိယာခန့်မှန်း (ဧက)တွက်ချက်၊ အပင်အရွယ်အစားသတ်မှတ်ပြီးတာနဲ့ ထုံးစံအတိုင်း ရေဒီယိုစက်ကြီးကနေ လင်းယုံ မှ ပျံလွှား အသံ ၅ ကြားလားတွေဘာတွေ လုပ်မနေတော့ပါဘဲ အတိုဝှက် အမည်ဝှက်တွေနဲ့ မိမိတို့ကို ကွပ်ကဲထိန်းချုပ်ရာ စစ်ဗျူဟာကို သတင်းပို့လိုက်ပါတယ်။ ကောင်းပြီ ဆက်လုပ်ပါ ဆိုတဲ့အသံဆုံးတာနဲ့ ကဲ အဖွဲ့တွေအားလုံး တပ်က (၁)ဦး၊ ရဲက(၁)ဦးသေနက်အသင့်နဲ့ ကင်းသမား(၂)ယောက်မှလွဲလို့ ကျန်လူအားလုံး စလိုက်ကြစို့ သူငယ်ချင်း ဆိုပြီး လက်ထဲမှာသစ်ကိုင်းရိုးတံ ကိုယ်စီကိုင် ရင်ဘောင်တန်းယှဉ်လျက်ဘိန်းပင်ပေါက် တို့ကို လက်နဲ့လွှဲ ရိုက်ရမ်းရင်း ဘိန်းဖျက်စစ်ဆင်းရေးစတင် ဖွင့်လှစ်ကြရပါတော့တယ်။ ကင်းသမားကမထားလို့မရပါဘူး။ တော်ကြာဘိန်းခင်းပိုင်ရှင်က လူစုပြီးဓါးနဲ့ဝင်ခုတ်မှ အကုန်ပြသနာတက်ရမယ့်ကိန်း ဆိုက်မှာကိုး။ တောင်ပေါ် ဒေသ အခါလားဟူ လူမျိုးအများစုက ရိုးသားကြပေမယ့် သူတို့ဥစ္စာထိရင် ပြောရတာမျိုးမှမဟုတ်တာ။

ဒီလိုမျိုးဘိန်းစိုက်ပြီးစီးပွားရှာတယ်ဆိုတာ တစ်မျိုးသားလုံးကို အညွန့်တုန်းစေတဲ့အပြင် တိုင်းပြည်သိက္ခာပါ ထိခိုက်ကြဆင်းစေတယ်ဆိုတာ သူတို့တွေမှ မသိကြရှာလေတော့လည်း ပြောရအခက်သား။ အခုလို ဘိန်းခင်း ဆိုတာမျိုးကလည်း ကြာလေ လူနေရပ်ရွာနဲ့ဝေးလေ ခေါင်းဖျားတဲ့ လူမရောက်တောင်ကုန်းတွေမှာ ရွှေ့ရွှေ့ စိုက်ကြတာမျိုးပါ။ တော်တော်များများရွာတွေကတော့ ဗျူဟာမှူးရဲ့ကြီးကြပ်ညွှန်ကြားမှု၊ မြို့နယ်၊ကျေးရွာ အဆင့် တာဝန်ရှိအဖွဲ့ အစည်းတွေရဲ့စည်းရုံးဆောင်ရွက်မှု၊ ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုတွေ အောင်မြင်လာတာနဲ့အမျှ နီးစပ်ဝန်းကျင်မြင်မြင်နိုင်သမျှမှာတော့ ဘိန်းခင်းတောင်ယာ မရှိသလောက်ကိုဖြစ်သွားခဲ့ပြီလေ။ အဲဒီအတွက် ကြောင့်လည်း မိမိတို့လိုပူးပေါင်းစစ်ကြောင်းတွေကို အထက်ဌာနက ဆွဲပေးတဲ့ လမ်းကြောင်းဒေသတွေကို သွားရောက်ရှာဖွေ ဖျက်ဆီးမှုတွေ လုပ်လာကြရပါတော့တယ်။ သစ်ကိုင်း(တုတ်ချောင်း)ကိုင်ပြီး တစ်နာရီနီးနီး မနားတမ်း ရမ်းလာလိုက်တာ လက်တွေကျိန်းစပ် ချွေးစို့လာတော့မှ ခဏအမောဖြေ ရေလေးဘာလေးသောက်၊ ပြီးတာနက် ပြန်စ၊ ဒီလိုနဲ့ နေ့လည်စာစားချိန်ရောက်ခါနီးမှ တောင်ကုန်းစောင်းဆင်ခြေလျှောတစ်လျှောက်က ဘိန်းခင်းကြီးလည်း ငုတ်တိုစင်းလေးတွေအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။ အားလုံး တန်းဖြုတ်မယ် လက်စသက်ပါ ဆိုပြီး ထမင်းစားဖို့ပြင်ကြတာပေါ့။ မောမောနဲ့ ထမင်းတစ်ပန်းကန် မနည်း ကုန်အောင်စားပြီး အထက်ဌာနကို သတင်းပို့ ဆက်သွယ်မှုယူပြီး ဆက်လက်ခရီးချီတက်ကြပါတယ်။

ဒီတစ်ခါ ဘိန်းခင်းကတော့ တောင်ကြားလျှိုလေးအတိုင်းစိုက်ထားတာပါ။ အပင်အမြင့်က တစ်ပေကျော် နှစ်ပေ နီးနီး တစ်ချို့က အပွင့် ဝါဖန့်ဖန့်၊ တစ်ချို့က ခရမ်းရောင်လေးတွေအဖြစ်ကို ပွင့်နေကြပါပြီ။ ဒီတစ်ခါ ဖျက်ရတာက သိပ်မပင်ပန်းပါဘူး။ အပင်ရဲ့ ခါးလည်ကနေ ရိုက်ချလိုက် ခါးကိုင်းရိုးကျိုးသွားတာနဲ့ ကိစ္စပျက်ပါတယ်။ ဒီကောင် အရွယ်ဆို သိပ်မကြာဘူး အသီးသီးတော့မှာ ဗိုလ်ကြီးရ ဆိုပြီး သိတဲ့သူတွေက ရှင်းပြပါတယ်။ လက်တွေကတော့ ကျိန်းစပ်ပြီး တုတ်ချောင်းကိုင်ထားရာကနေ ဆုပ်ထားတဲ့လက်ကို မဖြေချင်တော့သလို ဖြန့်ထားပြီးသားလက် ကိုလည်း ပြန်မကွေးချင် ဆုပ်မကိုင်ချင်လောက်အောင်ကို ကျိန်းစပ်နာကျင်စပြုလာကြပါတယ်။ ထမင်းဟင်းချက် တာဝန်ယူထားသူတစ်ချို့ကတော့ ဘိန်းလည်းရမ်းရင်း ရောပြီးစိုက်ထားတဲ့ ပဲရွက် ဟင်းသီးဟင်းရွက်လေးလည်း ခူးရင်းအဆင်ပြေနေကြပါတယ်။ အားလုံး ကျိုးကျပြီဆိုမှ ခဏနားပြီး ခရီးဆက်ထွက်ကြပါတယ်။ သိပ်မလျှောက် လိုက်ရပါဘူး ထုံးစံအတိုင်း တောင်ပေါ်ရွာလေးတစ်ရွာကို ဆိုက်ကြပါတယ်။ မိမိနဲ့ ဒုရဲအုပ်ကတော့ ရောက်တာနဲ့ ရေချိုးဖို့ပြင်တာပေါ့။ တောင်ကျစိမ့်ရေကို ဝါးလုံးလေးနဲ့ ထိုးခံထားတဲ့ရေဆိပ်မှာ ရေချိုးရတာ ဒီနေ့အထိကို မမေ့နိုင်စရာပါ။ ဖြုတ်ကလည်းကိုက် ရေချိုးရတာလည်း ချမ်းစိမ့်နေတာပါပဲ။ မြန်မြန်ချိုး မြန်မြန်ပြန်လာ။ ရောက်တာနဲ့ တောင်ပေါ်လက်ဖက်ခြောက်နံ့သင်းနေတဲ့ ရေနွေးကြမ်းလေးသောက်ချလိုက်ရတာ တကယ့်ကို သဘာဝအရသာစစ်စစ်လေးပါ။

ထမင်းစားတော့ မိမိနဲ့အတူ၊ဒုရဲအုပ်၊မြေစာရင်း တို့ စုစားကြပါတယ်။ ထမင်းဟင်းလေးက ပူပူနွေးနွေး ဘိန်းခင်း ထဲက ပဲရွက်ဟင်းချို အသီးရွက်ကြော်က စားလို့အကောင်းဆုံး။ ဒါကလည်း ထုံးစံပါ။ ဘိန်းပင်နဲ့အတူ ရောပြီး စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်အပင်မှန်သမျှရဲ့ အခါးဓါတ်ကို ဘိန်းပင်က စုပ်ယူတဲ့အတွက် သူတို့က အချိုဓါတ် များပြီး အရည်ဓါတ်ရွှန်းစိုနေခြင်းပါ.... (အရင်က ပို့စ်တစ်ခုမှာဖော်ပြခဲ့ဖူးပါတယ်)။ ထမင်းစားပြီး ရေနွေးကြမ်း ဝိုင်းဖွဲ့ကြတော့ မီးဖိုဘေးမှာပေါ့။ သူ့အတွေ့အကြုံကိုယ့်အတွေ့အကြုံတွေဖလှယ်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြနဲ့။ တစ်ဖက်ကလည်း ဒီနေ့ကင်းတွေ အထူးသတိရှိဖို့ စီစဉ်ရပါတယ်။ တော်ကြာ ဘိန်းခင်းဖျက်တာ မကျေနပ်တဲ့သူက အိပ်ပျော်နေတုန်း သမသွားရင် ကွိကုန်မှာကိုး။ စိတ်မချ တချနဲ့ အိပ်ယာသာဝင်ခဲ့တယ်။ ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့ တုန်းကနဲအိပ်ပျော်သွားပါတယ်။ ညဥ့်နက် သန်းခေါင် အဝေးဆီက တောကောင် အော်သံတွေကြားရတော့မှ ပြန်နိုးလာမိတယ်။ ကင်းသမားကို တစ်ချက် သတိထားကြည့်တော့ အင်း ...အိုကေ အဝင်ဝမှာ တစ်ယောက် အပြင်က ကင်းတဲလေးမှာ တစ်ယောက် လှုပ်ရှားနေတာတွေ့ရတယ်။ ဒီလိုနဲ့ နောက်နေ့ မိုးစင်စင်လင်း မျက်နှာသစ်မှာ လက်တွေ နာကျင်နေတာနဲ့ ကြည့်လိုက်တော့ အားလားလား လက်ဖဝါးတွေမှာ အရည်ကြည်ဖုလေးတွေပါလား။ ငါ ဒီလောက်တောင် ပျော့ရသလား ဆိုပြီး ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိတာနဲ့ ကျန်အဖွဲ့တွေကို တီးခေါက်မေးမြန်းကြည့်မိတော့ ဟုတ်တယ် ဗိုလ်ကြီး ကျွန်တော်တို့လက်တွေတော့ ဖုလေးတွေ ထနေပြီ ဆိုမှ ............. ဟူး တော်ပါသေးရဲ့ ငါတစ်ယောက်ထဲမဟုတ်ဘူးပဲ။ လို့ ။

@@@နေလွမ်းသူ

1 comment:

Post a Comment