Friday, February 26, 2010

မိုးရေစိုစိုအောက်မှ အချို့သောနေ့ရက်များ


နေ့လည်ထမင်းစားပြီးချိန်လောက်ကတည်းက မနားတမ်း လျှောက်လာခဲ့ကြတာ အင်္ကျီကျောပြင် တစ်ခုလုံးနဲ့ ထိကပ် နေတဲ့ကျောပိုးအိပ် နေရာလည်း ချွဲတို့နဲ့ ရွှဲရွှဲနစ်လို့နေပြီ။ မျက်နှာနေရာအနှံ့ကနေ မကြာခဏ စီးကျလာတဲ့ ချွေးစက် အချို့လည်း အပေါ်က နေပူဒဏ်ကြောင့်ခြောက်သွေ့စပြု ရာကနေ အဖြူ ဖက်ဖက်ဆားပွေးစအချို့အဖြစ် အသွင် ကူးပြောင်းလို့။ အရာရှိ၊ စစ်သည် အားလုံးရဲ့စိတ်ထဲမှာ စစ်ကြောင်းမှူး ဆီကနေဒီနေ့ဒီနေရာမှာပဲ စခန်းချရပ်နား တော့မယ်ဟေ့ ဆိုတဲ့ အမိန့်စကားသံကို ကျိတ်ပြီး မျှော်လင့်လို့နေကြပြီ။ မမျှော်ဘဲရှိမလား....ဆက်လျှောက်လည်း ရည်မှန်းချက် စခန်းကို တစ်နေ့ထဲ ရောက်သွားမှာမှ မဟုတ်။ စခန်းချ ရပ်နားတာနဲ့ ဒီတိုင်း ပလက်စတစ်မြေခင်းစခင်း တန်းပြီးအိပ်လို့ရတဲ့ ရာသီဥတုမှ မဟုတ်ပဲကိုး။ တောကြီးတောင်ကြီး ဒီလမ်းဒီခရီး ကရင်ပြည်နယ်တောထဲ မိုးတွင်းကာလက အစိုးရသည် မဟုတ်။ ရာသီဥတုတင် အစိုးမရသည်မဟုတ်။ ရန်သူ.... ဟုတ်တယ်။ သူက အဓိက ကျန်တာက သာမည။ လေးလံနေတဲ့ ကျောပိုးအိပ်ကို မကြခဏ ပြန်ဆွဲတင်နေရ သလို တောင်ကမ်းပါးယံ ဖြတ်တဲ့အခါ၊ ဘေးမှာ ချောက်ကမ်းပါးယံထားပြီးဖြတ်တဲ့အခါ ဆွဲမိုင်းသတိထားရသလို ဘယ်နေရာက ပေါ်လာမလဲဆိုတဲ့ မပြက်သတိနဲ့ သေနက်ကို အသင့်အနေအထားနဲ့ မသင်္ကာတဲ့နေရာဆို ခဏတာတန့်ပြီး ရှေ့ကနေ လက်ဆင့်ကမ်းလာတဲ့ သင်္ကေတစကားကို အာရုံစိုက်နားထောင် စက်ဖွင့်လို့ တပည့်တွေကို တဆင့်ပြန်ပြောရနဲ့။ လူတစ်ကိုယ်လုံးက သယ်ဆောင်ထားရတဲ့အလေးအပင်၊ စက္ကန့်မလပ် အသက်ရှူသွင်းမှုတိုင်းနဲ့အတူ ထပ်တူချ ထားရတဲ့ သတိ။ နားမယ်ဟေ့ ဆိုတဲ့အသံကြားရင်တောင် ဟူး ကနဲ လေပြင်းရှိုက်ထုတ်ဖို့တောင် ချက်ချင်း မလုပ်ရဲတဲ့ ဒီခရီးဒီလမ်း ဒီရှေ့တန်း................။

တစ်နေရာမှာ တဝေါဝေါနဲ့ အရှိန်ပြင်းဖြတ်စီးနေတဲ့ တောင်ကျချောင်းကို ပေါင်လုံးသာသာခန့် ဝါးလုံးကြီးကြီး ဖြတ်ထိုးထားပြီး လက်ကိုင်တန်း တစ်တန်းအပေါ်မှာပြေးထားတဲ့ တံတားလိုဟာကနေဖြတ်ကူးရတော့ ရင်တမမနဲ့ ကိုယ့်အတွက်မဟုတ်ပေလင့်ကစား ဗုံးသီးနဲ့မော်တာကိုထမ်းထားတဲ့ စစ်သည်အချို့ဖြတ်ကူးတိုင်း စိတ်က တထင့်ထင့်နဲ့။ ဝုံးကနဲအသံကြားလို့ ကြည့်လိုက် ရဲဘော်လေးတစ်ယောက် ခြေချော်သွားပြီ။ ကင်းတွေကို ဘေး ဘယ်ညာ ထပ်ပြီး စက်ဝိုင်းပုံထပ်ချဲ့ခိုင်းပြီး သူ့ကိုသွားဆွဲတင်ပေးဖို့ စစ်သည် ၂ယောက်ကို တစ်ဖက်တစ်ချက်စီကနေ သူရှိနေတဲ့ တံတားအလည်ကို ဝန်စည်စလွယ်တွေအကုန် ချွတ်ချပြီး လူအလွတ်နဲ့ သွားခိုင်းရတယ်။ ခြေ ၂ ချောင်းက အောက်မှာတွဲလောင်း ကျောပိုးအိပ်က သူ့ကို ထပ်ပြီး ဆွဲချနေသလို၊ သေနက်ကို မြဲမြဲဆုပ်ပြီး တံတောင်ဆစ်နှစ်ဖက်အားနဲ့ ဝါးလုံးကိုချိတ်ထားရှာတယ်။ ဟိုးအောက်က မရဏ အော်သံနဲ့ တောင်ကျရေတွေက တဝေါဝေါဆူညံလို့.....ပြုတ်ကျသွားတာနဲ့ အစရှာလို့မရအောင် မျောပါ သွားမယ့်ဖြစ်ခြင်း။ တစ်ဖက်တစ်ချက်စီကလာတဲ့ စစ်သည် ၂ ယောက်ရောက်မှ တစ်ယောက်က ကျောပိုးအိပ်ကို ဆွဲတင်၊ တစ်ယောက်ကသူ့လက်အစုံနဲ့ သေနက်ကို တင်းတင်းဆုပ်ပြီးဆွဲထားလို့ ၊ ရင်တမမနဲ့ ဘုရားတပြီး သူ့တို့ကို အဆင်ချောပါစေ မြန်မြန်အပေါ်ရောက်ပါစေလို့ ဆုတောင်းလျက်နဲ့ ဟိုး အောက်က အဖြူရောင် ရေလုံးကြီးတွေနဲ့ လှိမ့်ဆင်းနေတဲ့ ချောင်းချောက်ကြီးကို မရဲတရဲ ငုံ့ကြည့်မိလိုက်တိုင်း ကြက်သီးတောင် ထသွား မိတယ်။ရှေ့တန်းဆိုတာမျိုးမှာ ရန်သူနဲ့ထိတွေ့တိုက်ကြခိုက်ကြပြီး အသက်စွန့်လွှတ်ရတာမျိုးက ဂုဏ်ရှိပေမယ့် အခုလိုမျိုးသာ မတော်တဆဖြစ်စဉ်ကြောင့် အသက်ဆုံးရမှာကိုတော့ စိုးစဉ်းမျှ မလိုလားတာ စစ်သားတိုင်းပါ။

လျှိုစောင်းအတိုင်း ပတ်ပြီးဖောက်ထားတဲ့ မဟာဗျူဟာလမ်းကြီးအတိုင်း မနားတမ်းလျှောက်လာလိုက်ပြီး ခဏ အကြာတော့ ရှေ့ကနေ သွားနေတဲ့သူတွေ တုန့် သွားလို့ မေးကြည့်လိုက်တော့ နားတော့မယ်ပြောတယ်တဲ့။ ချက်ချင်းဆိုသလို Icom (လမ်းလျှောက်စကားပြောစက်) ကနေ မိမိနံမည်ဝှက်ကို ခေါ်လာပြီ။ စစ်ကြောင်းမှူးနဲ့ တပ်ခွဲမှူးတွေ ခေါင်းချင်းဆိုင်လိုက်ပြီး နေရာတွေခွဲလိုက်တယ်။ မနက်ဖြန်တော့ ထုံးစံအတိုင်းပဲ၊ အချိန်ကတော့ ဒီအချိန်ပဲ ဆိုတဲ့ သူလက်ထောင်ပြတာကို ကြည့်ပြီး အလေးကိုယ်စီပြုလို့ ပြန်လာခဲ့ကြတယ်။ တပ်ခွဲက ဆရာကြီး၊ ဆရာတွေကိုယ့်နားခေါ်ပြီး ဘယ်တပ်စုဘယ်နေရာ၊ ဘယ်သူက ဘာလုပ်ပါဆိုပြီး ထပ်ဆင့်အမိန့်ပေးလိုက်တယ်။ တပည့်တွေကတော့ ကင်းထွက်မဲ့သူက သေနက်ကိုယ်စီနဲ့ ပတ်လည် လုံခြုံမှုအတွက် ဘေးတပ်ခွဲ ကင်းတွေနဲ့ နယ်ပယ်ချိတ်ဆက်ဖို့ သွားကြပြီ။ တစ်ချို့က မြေနေရာရှင်း မီးဖိုအရင်ဖိုဖို့လုပ်သူကလုပ်၊ တစ်ချို့ ဘေးနားက ချောင်းလေးဆီ ပလက်စတစ် ဂါလံပုံးတွေသယ်လို့ ရေခပ်ထွက်ကုန်ပြီ။ ဒီလို ယာယီစခန်းချတဲ့နေရာမှာ မြန်မြန် ဆန်ဆန်နဲ့ နေရာတစ်ခုဖန်တီးရသလို အသံလုံခြုံမှုရှိအောင်လည်း လုပ်ရပါတယ်။ သစ်ပင်ခုပ် ဝါးခုပ် ထင်းချိုး ရင်တောင် အသံကို တိုးနိုင်သမျှတိုးအောင် ကျိတ်ပြီး ဓါးခုပ်၊လှီးဖြတ်ရတာမျိုးပါ။ သိပ်မကြာဘူး နေရာအစုစု ကိုယ်စီကနေ မီးခိုးတလူလူပျံ့လွင့်လို့နေပြီ။ ထမင်း၊ဟင်းချက်ကြပြီ။ ရေနွေးတည်ကြပြီ။ ရေဆိပ်ကင်းထုတ်လို့ ရေချိုးဆင်းသူကဆင်းပြီ။ မိမိတို့ကတော့ လက်စွဲတော် ပစ္စတိုလေး ခါးထိုးလို့ တပ်ခွဲပတ်လည် ကင်းတို/ရှည်တွေ အရင်လိုက်ကြည့်ရတယ်။ စိတ်ချလောက်တဲ့ အနေအထားထိ လိုက်ကြည့်ပြီးမှာ ရေချိုးဖို့ပြင်ရတာပေါ့။

မိုးရွာတော့မယ်ထင်တယ် ဗိုလ်ကြီးဆိုတဲ့ တပည့်ရဲ့စကားမှ မဆုံးသေးဘူး ရုတ်တရတ် တဝေါဝေါ ကျသံတွေနဲ့အတူ ဆိုင်းမဆင့် ဗုံမဆင့် မိုးရွာချလာပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ဖြန့်ခင်းထားတဲ့ အခင်းတွေစောင်တွေ ပြန်ရုတ်ရ သိမ်းရ ကျောပိုးအိပ်ပြန်ထုတ်၊ လုံးဝ ရေစိုလို့မရတာတွေ ချက်ချင်း ပြန်စုစည်း ရတော့တယ်။ စစ်ကြောင်းတစ်ခုလုံး ပွက်လောရိုက်သံတွေထွက်လာတယ်။ မထင်မှတ်ပဲ ရွာချလာတဲ့ မိုးကို ဆဲရေးအပြစ်တင်သံတွေ ပစ္စည်း အိုးခွက် သိမ်းဆည်းသံတွေ ချက်ချင်းဆိုသလို အမိုးအကာ သေချာပြန်လုပ်ကြ၊ ပြင်ကြဆင်ကြနဲ့ တဒင်္ဂပြန်ပြီး အလုပ် ရှုပ်သွားကြပြန်ရော။ တပည့်က မိမိပစ္စည်းတွေ လာကောက်သိမ်းတယ်။ အဝတ်စားတွေကို လုံးပြီးသာထည့်ကွာ အရေးကြီးဆုံးက မြေပုံနဲ့စာရွက်စာတမ်းအချို့၊ သွားလေရာသယ်တဲ့ ပရိတ်ကြီး (၁၁) သုတ်စာအုပ်နွမ်းလေးနဲ့၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်သေးလေးတစ်အုပ်၊ ဟုတ်တယ် ဒီလာလေးတွေက ဘဝမှာ အရေးပါဆုံး အရာလေးတွေပဲ။ ကျန်တာက ရေစိုလည်း နေပူပြန်လှန်းလို့ရတယ်လေ။ မိုးရေရွှဲရွှဲ တဲအမိုးပြန်မိုး တဲထိုးရတာ လွယ်တော့မလွယ်ကြပါဘူး။ လူတွေတစ်ကိုယ်လုံး ရွှဲရွှဲနစ်ပြီး ဝါးခုပ် နှီးဖြာ ချည်ဟဲ့ တုတ်ဟဲ့နဲ့ တစ်ချို့ နှီးမချည် တတ်သေးတဲ့ ရဲဘော်လေးတွေနဲ့ သူ့တပ်စိပ်မှူး ဆရာတွေ အလိုမကျသံ ဆူငေါက်သံတွေက မိုးရေကျသံတွေကို ထိုးဖောက်လို့ ပျံ့လွင့်လာတာလည်းကြားရပါတယ်။ တစ်ချို့ကလည်း ပြောနေကြသေးတယ်။ ဟကောင်မိုးရေကို ကြောက်မနေနဲ့ဟ၊ စစ်သားမိုးစိုမှ လှတာငါ့ကောင်ရ ...တဲ့ အဲလို ဆိုလာသူကရှိသေး။ ဆရာကြီး ဆရာတစ်ချို့ကတော့ အပေါ်ပိုင်းကို ပလက်စတစ် မိုးကာစခြုံ၊ အောက်ပိုင်းက ဘောင်းဘီကို ပေါင်လည်အထိ ခေါက်ထားလျက်သား သေနက်ကို ပိုက်လို့ တဝုန်းဝုန်း ရွာနေတဲ့ မိုးရေကြားမှာ ကင်းစောင့်နေတဲ့ သူတို့ တပည့်တွေဆီ မှာစရာရှိတာဖို့နဲ့ ကင်းစစ်ဖို့သွားကြလေပြီပဲ။

ကိုယ့်အသံကိုတောင် ပြန်မကြားရလောက်အောင် ဆူညံနေချိန်မှာ မိုးမှောင်ကျတာနဲ့ အလင်းပျောက်ချိန်ကို အခွင့်ကောင်းယူပြီး ရန်သူကပ်လာမှာကို အထူးသတိထားပြီး ကိုယ်ကလက်ဦးမှုရအောင် ကင်းတွေလိမ်မာ ပါးနပ်မှုဖို့က အရေးကြီးတယ်လေ။ မိုးသည်းသည်းမဲမဲရွာနေဦးတော့ တဲအချို့တွေဆီက မီးတောက်တလူလူနဲ့ ချက်လို့ပြုတ်လို့ ကောင်းတုန်း။ ခြေဖျားလက်ဖျားတွေကတော့ ပဲကြီးလှော် ရေနူးထားသလိုရှုံ့တွလို့။ တဲအစွန်းမှာ ဖိုပေးထားတဲ့ မီးဖိုလေးမှာ ဖိနပ်နဲ့ခြေအိပ်တွေကို တန်းလေးလုပ်လို့ မီးကင်ကြရပြန်တယ်။ ဒါမှ နောက်နေ့ ပြန်စီးရင် လမ်းလျှောက်လို့ ကောင်းမှာ။ ရေစိုထားတဲ့အတိုင်းစီးရင် အခန့်မသင့် သဲဝဲစားမှာကြောက်ရတာကိုး။ ဝါးတော ထဲမှာဆိုတော့လည်း တစ်ပေလောက် ဝါးစင်လေးထိုး၊ တဲအမိုးလေးသေချာမိုး၊ အစတွေကို လေးဘက်လေးတန် မြေကြီးမှာ ငုတ်လေးစိုက်ပြီးချည်လိုက်ရင် တစ်ညတာတော့ မိုးရေစိုစိုစိစိဒဏ်ကနေ ကင်းလွတ်စွာ အိပ်စက်လို့ ရပြီလေ။ မီးဖိုလေးကို မီးမတောက်အောင် မီးရဲရဲလေးဖြစ်အောင် ကင်းသမားတွေက အလှည်ကျလိုပ်သွားကြ တစ်ညလုံး နွေးနွေးထွေးထွေးတောင် အိပ်လို့ရသေးတယ်။ ည သန်းခေါင်ယံမှာ တဲအမိုး ပလက်စတစ်ပေါ် တစ်ဖျောက်ဖျောက်ကျနေတဲ့ အသံကိုတော့ ရပ်တန့်ခြင်းသွားစေခြင်းငှာ မစွမ်းသာကြပါဘူး။ ဘေးကပ်လျက် တဲကအသံကြားနေတာနဲ့ ဟကောင် တပည့်ကျော် မအိပ်သေးဘူးလား မေးလိုက်တော့ ။ ဘုရားရှိခိုးနေလို့ ဗိုလ်ကြီးတဲ့။ အေးပြီးရင်အိပ်တော့လေကွာ ဆိုတော့ နောက်နာရီဝက်ဆို ကျွန်တော့် ကင်းချိန်ရောက်ပြီ ဗိုလ်ကြီး၊ တပည့်မအိပ်တော့ဘူးတဲ့.... အေး ဟုတ်လား။ ဒါဆိုလည်း မင်းကင်းချိန်ပြီးတာနဲ့ ငါ့ကိုနှိုးကွာ...ဆိုတော့ ဗိုလ်ကြီးက မိုးတစိစိဗွက်တစိစိနဲ့ ဘာထလုပ်မှာလဲ။ အိပ်ပါခင်ဗျ။ တပည့်ကျော် တစ်ယောက်လုံးရှိတယ်စိတ်ချတဲ့။ ဟ မင်းရှိတာနဲ့စိတ်ချစရာလားဟ။ မင်း ဘိုးအေ ကင်းတွေ မိုးတဖျောက်ဖျောက်မှာ ငိုက်နေရင်ဘယ်လိုလုပ်မလဲ။ ထတော့ကြည့်ရမှာပေါ့ဟ။ နှိုးမှာသာနှိုးစမ်းကွာ စကားမများနဲ့ ဆိုတော့ ။ ဟုတ်ကဲ့ ဟုတ်ကဲ့..... တဲ့။ ဒီလိုနဲ့ မိုးစင်စင်လင်းရင် နောက်နေ့ခရီးကို ဒီလိုပဲ ထက်ဆက်ရဦးမှာပါလား.............လို့ တွေးမိတွေးရာ သတိရမိ ရရာတွေ ပြန်လည်းတွေးတော လွမ်းဆွတ်ရင်း.....
Thursday, February 11, 2010

မပေးဖြစ်ခဲ့သော စာလေးတစ်စောင် (အဆက်)


အခြေချစစ်ဗျူဟာစခန်း(ကျောက်ကြီး)
ကားတွေပေါ်ကနေ ပစ္စည်းတွေ လက်နက်တွေချကြ တပ်ခွဲလိုက်ပြန်တန်းစီးတာတွေ လူစစ်တာတွေနဲ့ တပ်ကလည်း သူ့ဟာသူ အလုပ်တွေရှုပ်လို့။ ကျွန်တော်တို့ကလည်း ကိုယ့် တပ်အလိုက်အဖွဲ့လေးတွေ လူလက်နက် ပစ္စည်းတွေ ပြန်စစ် စုစုစည်းစည်းလေးလုပ်ပြီး အသင့်စောင့်နေလိုက်တယ်။ ကျောပိုး အိတ်ကိုလည်း ကျစ်လစ်အောင်ထပ်ထုတ်ပိုး၊ အီကွစ်မန့်ကိုလည်း ချပ်ရပ်အောင်ပြင်ဆင်၊ သေနက်ကိုပါသေချာ ပြန်စစ်ရပြီ။ ပစ်ဟယ်ခတ်ဟယ် ဖြစ်လာခဲ့ရင် ကိုယ့်ရဲ့ အားကိုးဖော်က သူပဲလေ။ ကျည်ကဒ် အားလုံး ပြန်စစ်ပြီး တပည့်တွေပါ သေချာပြင်ဆင်ခိုင်းရတယ်။ ပေးအဖွဲ့ ဒီတပ်ခွဲနဲ့အတူလိုက်ပါ ဆိုတဲ့ အသံနဲ့အတူ မိမိတို့တစ်တွေ မြို့ရွာလူသူလေးပါးကို ကျောခိုင်းလို့ တောတောင်အထပ်ထပ် အန္တရာယ် နယ်မြေထဲကို စတင်တိုးဝင်လာခဲ့ရပြီ။ တောတောင်သစ်ပင် ကျေးငှက်အော်သံအချို့ တောင်ခိုးနဲ့ မြေငွေ့ရနဲ့တွေအတူ လက်ဆက်အေးမြတဲ့ လေထုကို ထိတွေ့ရှူရှိုက်ရလို့ အခိုက်တန့်တော့ လူက လန်းဆန်းသွားသလိုနဲ့ သိပ်တော့မကြာပါဘူး ကျောကနေ လေးပင်စွာဆွဲခိုထားလို့ ပုခုံးသားတွေ နာကျင် တင်းကျတ်မှုက ပြန်ခံစားလာရပါတယ်။ မျက်နှာပေါ်မှာ ခြောက်သွေ့စပြုတော့မယ် ချွေးစက်တို့အပေါ် ကနေ ထပ်ခါထပ်ခါ ပြန်စိမ့်ထွက်လာတဲ့ ချွေးတို့ကို တဘတ် သေးလေးနဲ့သုတ်လိုက် ပြန်ထွက်လိုက်နဲ့ ခြေဖဝါးတွေက နာကျင်မှုကို ကျော်လွန်ပြီး ထုံကျင်သွားကြပြီပဲ။ တစ်ခါတစ်ခါတော့လည်း ပူလောင် လာလွန်းတာ မီးများ ထတောက်မလားမှတ်ရတယ်။ ဒီလိုနဲ့ တစ်တောင်တက် တစ်ကွေ့ကျော်၊ တောင်ကျချောင်းလေးတွေဖြတ်၊ လျှိုတွေကိုဆင်းလို့ လမ်းဘေးမှာ ပလက်စတစ်ပါး မြေခင်းစ တစ်ချို့နဲ့ နှင်းစက်လုံအောင် တစ်ညအိပ်၊ နောက်တစ်နေကုန် လမ်းလျှောက်ခဲ့ကြ ပြီးတဲ့နောက် တပ်မဌာနချုပ် စခန်းကြီးအခြေကို ဆိုက်ရောက်ပါတော့တယ်။

ထုံးစံအတိုင်း သတင်းပို့စရာရှိတာပို့ပေါ့။ ကိုယ့်တပ်ရှိတဲ့ နေရာကိုမှ မရောက်သေးတာ။ တပ်မစခန်း တာဝန်ရှိတဲ့ G-3 ရှေ့ရောက်တုန်းရှိသေးတယ်။ အေး ညီလေး မင်းတပ်တော့ မနေ့က ထိတွေ့မှုတစ်ခု ဖြစ်တယ်ဟာ ဟုတ်လား အစ်ကိုကြီး ဘယ်သူတွေဘာဖြစ် အကျိုးအမြတ်ရော… မေးလိုက်တော့ အင်း ကိုယ့်ဘက်ကတော့ တစ်ယောက်ကျတယ်။ ရန်သူ့ဘက်က ၂လောင်းနဲ့ M-16တစ်လက်တော့ ရလိုက်တယ်။ ဘယ်နားမှာ ဖြစ်တာလဲအစ်ကိုကြီး ဆိုတော့ ရေဆိပ်ကို အဆင်း ငပွေးက အပိုင်စောင့်ပြီး တွယ်တာကွ။ ထားပါ။ ညီလေး ဒီညတော့ ဒီမှာပဲ ခေါင်းအုံးရဦးမယ်။ အခြေအနေကြည့်ပြီး ညီလေးကို တစ်ခွဲတစ်ခွဲလာကြိုခိုင်းပါ့မယ်။ အခုတော့ သွားပါ နားလိုက်ဦး…. ဆိုတာနဲ့ ကိုယ့်အဖွဲ့တွေဆီ သတင်း စကားပါးဖို့ပြန်လာခဲ့ရတယ်။ တောင်ကျရေ ချောင်းလေးကို တမံသေးလေးဖြစ်အောင် ပိတ်ဆည်ထားတဲ့ ရေဆိပ်မှာ ရေချိုးလိုက်တော့မှ ပေါ့ပါး လန်းဆန်းသွားသလို ခံစားလိုက်ရတယ်။ ညနေစောင်းလာတာနဲ့ တဲအစုစုတွေဆီက မိးခိုးတလူလူ မီးရောင်လက်လက်နဲ့ ထမင်းဟင်းတွေချက်နေကြပြီ။ အခုတော့လည်း အားလုံး အေးအေးလူလူပဲ။ အင်းပေါ့လေ။ တပ်မဌာနချုပ် စခန်းကြီးဆိုတော့လည်း လုံခြုံရေးကို စိတ်ချလက်ချ ရှိထားပုံရတယ်။ ကိုယ်တိုင်ကတော့ ကျောပိုးအိပ်လေးထဲက ပစ္စည်းတိုလီမိုလီလေးတွေ ပြန်ပြင်ထည့်၊ နေ့စဉ်မှတ်တမ်းလေး ရေးလို့။ ဆရာတစ်ယောက် လာချပေးတဲ့ ရေနွေးကြမ်းပူပူလေးနဲ့ လက်တလော ခွဲခွာလာခဲ့ရတဲ့ မြို့ပြအနံ့သက်တွေကို ပြန်လွမ်းဆွတ်ရင်းပေါ့။ နောက်နေ့မှာပဲ မိမိတို့ကို လာကြိုတဲ့ ကိုယ့်တပ်က တပ်ခွဲတစ်ခွဲရောက်ချလာတယ်။ နှုတ်ဆက်ကြ စကားတွေပြောကြ မိမိတို့ နောက်တန်းက မှာလိုက်တာလေးတွေအရင် ပါးစပ်နဲ့ ဖောက်သည်ချတာချပေါ့။ လာကြိုတဲ့ တပ်ခွဲမှူး ညီလေးနဲ့ စကားတွေဖောင်ဖွဲ့ရင်း ခဏကြာတော့ အစ်ကိုကြီး သတင်းပို့ပြီးပြီ ထွက်တော့မလား မေးလာတာနဲ့ ညီလေး သဘောပါ။ လုပ်။ မင်းကတပ်ခွဲမှူးလေ လောလောဆယ်တော့။ ဆိုတော့ … အာ အစ်ကိုကြီးကလည်း လုပ်ပြီ စီနီယာသဘောပါ။ တပ်ခွဲဆိုတာလည်း အစ်ကိုကြီးတပည့်တွေပဲလေ။ လို့ဆိုလာပါတယ်။


ကဲ ဟုတ်ပါပြီ ဒါဆိုထွက်မယ် ပွိုင့်ဘာညာ ညီပဲ စီစဉ်။ ပစ္စည်းတွေတော့ ကိုယ် ခွဲပေးတဲ့အတိုင်းပဲ သယ်ကြမယ်။ အားလုံးကို ထပ်ပြီး မှာစရာရှိတာမှာပြီး ထွက်ခဲ့တာပေါ့။ ကျောပိုးအိပ်ကို တပည့်လေး တစ်ယောက် သယ်ပေးတယ်။ ကိုယ်တိုင်ကတော့ MA -3 ကျည်အသင့်ထိုးလို့ လိုက်ပါခဲ့တော့တယ်။ ဒီလိုနဲ့ရောက်ပြီ။ တပ်ရင်းမှူးဆီအရင်သတင်းပို့ သူ့အတွက် နောက်တန်းက စာတွေအရင်ပေး။ သြဝါဒ နာခံပေါ့။ နောက်တော့ ဆရာကြီးတွေ တပ်ခွဲလိုက် ပစ္စည်းခွဲတာကြီးကြပ်။ ညီငယ်တွေရဲ့ စာနဲ့ လူကြုံ ပစ္စည်းတစ်ချို့ လွှဲပေး နောက်တန်းနဲ့မြို့ပေါ်ကသတင်းတွေ မေးသမျှဖြေ။ သူတို့ပြောပြသမျှ လက်ရှိ ရှေ့တန်းစခန်း ဒေသအခြေအနေ လက်လက်ဆက်ဆက် ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်လေးကို ပြန်ပြောပြကြနဲ့ မမောနိုင်အောင်ပါပဲ။ မြန်မာစည်ဘီယာကို လွမ်းလိုက်တာအစ်ကိုကြီးရာ ဆိုတဲ့သူနဲ့ ဘောလုံးပွဲတွေ အခုချိန်ဆိုအကျိတ်အနယ်ပဲ။ အခုတော့ ရေဒီယိုကနေ ပွဲအနိုင်အရှုံးလေးနားထောင်ရင်း ကြေနပ်နေ ရတယ်ဆိုသူကဆို။ ရွှေရွက်လှ ဒိန်ချဉ်သတိရတာနဲ့။ နန်းရှေ့က မုန့်ဟင်းခါးစားချင်တဲ့ကောင်နဲ့။ ဂျာနယ်အဟောင်းလေးတွေကို လုယက်ပြီး အငမ်းမရဖတ်။ ပါလာတဲ့ လူကြုံပစ္စည်းတစ်ချို့ထဲက ဘီစကစ်ထုပ်တွေ ချက်ချင်းဖောက် တပည့်ကိုခေါ် လုပ်ကွာ တီးလေးဖျော်လိုက် ဆိုတာတွေနဲ့ တစ်နေ့ တာတော့ ဆူညံပွက်လောတွေရိုက်နေတော့တာပါပဲ။ တိုက်ပွဲမှာကျသွားတာက ဘယ်သူ တုန်းဟ ညီလေး ခုနကပြောလိုက်တာ။ ဘယ်သူ …ဆိုတော့ စိန်ဌေး အစ်ကိုကြီး ခွဲ(၃)က၊ ကိုတိုးကြီးတပ်ခွဲက။ ဟာ…. အေးကိုတိုးကြီးတပ်ခွဲက ဘယ် ကုန်း(စခန်းကုန်း)မှာလဲ မေးလိုက်တော့ ။ လာ အစ်ကိုကြီး ကျွန်တော် ပြမယ် ဟိုမှာ လှမ်းမြင်နေရတဲ့ ကာကင်းကုန်းအဲဒါ သူ့တပ်ခွဲတစ်ခွဲလုံး ပတ်လည် ယူထားတာ..တဲ့။ ဟာ သွားပြီ သွားတာမှ တကယ်ကိုသွားပြီ ……… အစ်ကိုကြီး ဘာသွားတာတုန်း လို့ဘေးကနေ မေးလာမှ ဒီလို…ညီလေး…ဆိုပြီး။ရှေ့တန်းမထွက်ခင်က စာလာပေးတဲ့အကြောင်း၊ ပြင်ဦးလွင်မှာစာသွားပေးတာ မတွေ့ခဲ့ ဖြစ်ခဲ့ ပုံတွေကို ပြန်ရှင်းပြလိုက်ပါတယ်။ ညီလေး ကို အဲဒီ ကုန်းကို သွားချင်တယ်။ ကိုတိုကြီး ကိုလည်းတွေ့ချင်တယ်။ သူ့တပည့်ပေးခဲ့တဲ့ ဒီစာလေးကို သူ့တပ်ခွဲမှူးလက်ထဲကို ထည့်ပေးချင်တယ် ဆိုတော့… ဒီနေ့သွားရင်တော့ အဘ ခွင့်ပြုမှာမဟုတ်ဘူးအစ်ကိုကြီး။ နောက်ပြီး ပေးပစ္စည်းလည်း မနက်ဖြန်မှာ လာယူမှာဆိုတော့ မနက်ဖြန်မှ သွားမယ်လေ အဲဒါကပိုကောင်းတယ် လို့လိုလာပါတယ်။

အိုင်ကွန်လေးနဲ့ လှမ်းခေါ်ပြီး ထမင်းအဲဒီမှာလက်ဆုံစားမယ် ဘယ်သူပါမယ်ဆိုပြီး အရင်လှမ်းပြောတာနဲ့ အဘကို သတင်းပို့ သူမှာကြားတာ နားထောင်ပြီးထွက်လာခဲ့တယ်။ လမ်းမှာ ငါးရှာ ဟင်းစားရှာအဖွဲ့ကို dot လုပ်ခဲ့လိုက်ပြီး တပည့် ၂ယောက် မိမိရယ် လှုပ်ရှားတပ်ခွဲမှူးညီလေးနဲ့အတူ ဆက်တက်ခဲ့ကြတယ်။ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေ ထူပိန်းနေတဲ့မျက်နှာနဲ့ ကျွန်တော့် စီနီယာအစ်ကိုကြီးဖြစ်သူ နောက်တန်း မှာလည်း ဆွေမျိုးရင်းချာလို အားကိုးရတဲ့ အစ်ကိုကြီး ကိုတိုးကြီးက စခန်းဝထိ လာစောင့်ကြိုတယ်။ မင်္ဂလာပါ ကိုရဲစိုး(အိုင်ကွန် စက်အခေါ်ကျွန်တော့်အမည်ဝှက်)လို့ခေါ်ပြီး လက်ဆွဲနှုတ်ဆက်လာတော့ ထုံးစံအတိုင်း နောက်ချင်တဲ့ ဝသီရှိတဲ့ ကျွန်တော်က အေး ကိုယ့်ညီ လေးစားပါတယ်ကွာ သေချာလုပ်ဖို့တော့လိုမယ် ဆိုပြီး နောက်တော့ လခွီးပါလား လဒ လာ ဆိုပြီး သူ့တဲ့ကိုခေါ်သွားပါတယ်။ နောက်တန်းအကြောင်း သူ့အိမ်အကြောင်း သူ့ဇနီးက အမှာစကား ပါးတာလေးတွေပြောပြီး စာတွေပေးအပ်လိုက်ပါတယ်။ မင်းအစ်မဆီက စာတွေတော့ မင်းတို့ အမှိုက်တွေပြန်မှ ငါ အေးဆေးဖီလင်နဲ့ ဖတ်တော့မယ်ကွာ တဲ့။ သူကလည်းပြန်တွယ်ပါတယ်။ ဟုတ်ပါပြီ အစ်ကိုကြီးရယ် ။ ဒါပေမယ့် ဒီစာကိုတော့ အခုဖတ်မှရမယ် ဆိုပြီး လက်တလော ကျသွားတဲ့ သူ့ရဲဘော်လေး စိန်ဌေးရဲ့ သူ့မိဘထံ ပေးစာ လေးကို ပေးလိုက်တယ်။ သူ့အိမ်ကို အကြောင်းကြားတာဘာညာ ရော ဆိုတော့ နောက်တန်းက ဆက်လုပ်နေပြီ ညီလေး..တဲ့။ စိတ်မကောင်းဘူး အစ်ကိုကြီးရာ ဆိုတော့ မင်းထက် တို့က ပိုဆိုးတာပေါ့ကွာ တဲ့။ အင်းပါ သိပါတယ်ပေါ့။ သူ့တပ်စိတ်မှူး မြင့်အေး အခုထိ ပြန်ပြောရင် မျက်ရည်လည်တုန်းဟ။ ဒို့ ရလိုက်တဲ့ ၂ လောင်းနဲ့က သူပစ်လို့ လဲကုန်တာ။ မှန်ထားရက်နဲ့ကို သူက ၂ကောင်လုံးကို မရမက ထပစ်တာ။ အတင်းတက်ပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး လဲတော့မယ့်ကောင်ဆီက သေနက်ကိုဇွတ်ဝင်ဆွဲတာ။ သူက MA-2နဲ့ပစ်အားက ကောင်းကောင်းနဲ့ ဇွတ်တက်လာတော့ ကျန် ၁ ကောင်လည်း ဆင်းပြေးတာ။ ငပွေး သေနက်ကို ကိုင်ပြပြီး သူက သူ့ဆရာတွေဘက် ပြန်ထောင်ပြပြီးမှ လဲကျသွားတာ ဆိုပြီး ဖြစ်စဉ်ကို သေချာပြန်ရှင်းပြပါတော့တယ်။ ဆရာကြီးတွေ၊ ဆရာတွေစုံတာနဲ့ စာအိပ်လေးကိုဖွင့်ပြီး ကိုတိုးကြီးက အားလုံးရှေ့မှာအသံထွက်လို့ ဖတ်ပြ ပါတော့တယ်။
သို့
အဖေနဲ့အမေ ကျနော် စာရေးလိုက်ပါသည်။ နေကောင်းကြပါသလား။ ကျနော်နေကောင်းပါတယ်။ အခုနှစ်ကတော့ စစ်ဆင်ရေးပြီးမှ ခွင့်တင်ပြီး အိမ်ပြန်လာခဲ့ပါမည်။ ဒီတပ်မှာပျော်တယ်။ အဖေ့တပ် ကျောင်းထက် ရေမီးပိုမှန်တယ်။ အဖေ့ဌာနမှူးပြောပြီး ကျနော့်ကိုခေါ်လို့ရရင်ခေါ်မယ်ဆို။ စစ်ဆင်ရေး ပြီးတဲ့အခါကျ ခေါ်ပေါ့။ ဒါပြီးရင် နောက်တန်းပြန်နားတာနဲ့ ဒုတပ်ကြပ်ပါမယ်ဗျ။ ဆရာအဖြစ်နဲ့ ပြောင်း လာခဲ့မယ်။ မိသဲက အခုနှစ် ၈ တန်းဆိုတော့ အပိုချိန်ထားရပြီလား။ သူ့ကိုတော့ အတန်းပညာ ဆုံးအောင်ထားရအောင်နော်။ အဘွားတို့ဆီမှာ သူနေရထိုင်ရတာ အဆင်ချောလား။ အငယ်ကောင်က ကျောင်းဆက်တက်ခိုင်းလို့ မရကိုမရဘူးဆိုရင်လဲ ထားလိုက်ပါ။ သူ့ကိုအခု ဝပ်ရှော့ပို့ထားတာ ကောင်းတာပေါ့။ ဒီမှာလည်း ကျနော်ရှေ့တန်းထွက်နေရတာ လစာမထုတ်ဖြစ်တော့ဘူး။ ပြန်လာတော့ ဘဏ်ကထုတ်ပြီး ခွင့်ပြန်ခဲ့မယ်နော်။ အတော်စုမိနေပြီ။ မိသဲလေးကို ၁၀တန်းအောင်ပြီး ဘွဲ့ရကြီးဖြစ်စေချင်တယ်။ အခုရှေ့တန်းထွက်နေရတာ ပိုက်ဆံတော့စုမိသားရယ်။ သင်တန်းတို့ ဘာတို့လည်းတက်စရာ မလိုတော့ဘူး။ တရစ်ကပ်ရင်တော့ ထက်ရဦးမှာထင်တယ် အဖေရ။ ရှေ့တန်း ပြီးတာနဲ့ လက်မောင်းမှာ အရစ်ကပ်၊ ခရာကြိုးလေးချိတ်ရတော့မယ် မိုက်တယ်နော်အဖေ။ အဖေ့လိုပဲ ကျနော်လည်း ခရာကြိုးလေးဆွဲရမှာ မကြာတော့ဘူးရယ်။ အခုလည်း လိုတာလေးများ ဝယ်ပြီးပြီ။ တစ်လစာကို ရှေ့တန်းထွက်ဖို့သုံးလိုက်တာလေ။ ကျန်သေးတယ် အရင်လခ ပိုက်ဆံတွေရောပဲ။ ဒီတစ်ခါက စခန်းထိုင်ရမယ်ကြားတယ်။ သိပ်မပင်ပန်းဘူးတဲ့။ အဖေပေးတဲ့ အဲဒီ ဘာဌာနဆိုလား ဖုန်းက ခေါ်လို့ တော်တော်နဲ့ ဖုန်းမဝင်ဘူး။ ရှေ့တန်းသွားခါနီးကျ ကျနော်ထပ်ဆက်ကြည့်ဦးမယ်။ အဖေတို့အမေတို့ ကျန်းမာရေး ဂရုစိုက်ကြပါ။ အမေ ကျနော် ကဆစ်သီးဟင်းလေး စားချင်လိုက်တာ။ ခွင့်ပြန်လာတော့မှ ချက်ကျွေးဦးနော်။ အဘွားတို့ဆီလည်း သွားလည်ကြမယ်။ မိသဲကို မုန့်ဘိုးပေးရဦးမယ်။ သူ့ဆီကိုတော့ စာမရေးတော့ပါဘူး။ အားလုံး စိတ်တသုခကာယသုခ ပြည့်စုံကြပါစေ။
တသ စိန်ဌေး
ကပ တ/၂၀၅xxx
ခမရ ( xxx )

(ရှေ့တန်းမြေ တစ်နေရာ၌ ကျဆုံးသွားခဲ့သော စစ်သည်တစ်ဦးအား လေးစားသတိရလျက်) @@@နေလွမ်းသူ

Monday, February 8, 2010

မပေးဖြစ်ခဲ့သော စာလေးတစ်စောင်

အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်သည့်အားလျော်စွာ ဘယ်မှသွားဖို့လည်း ရည်ရွယ်ချက်မချထားတဲ့အတွက် ကျွန်တော် အိပ်ယာထ နောက်ကျ ခဲ့ပါတယ်။ အိပ်ယာပေါ်ကကိုမထဖြစ်သေးတာပါ။ ရိပ်သာရှေ့မှာ မိမိနာမည် ပြောနေသံကြားတာနဲ့ ခေါင်းထောင်ပြီး ပြတင်းတံခါးဖွင့် ကြည့်လိုက်တော့ ညီငယ် တစ်ယောက်က ရိပ်သာနဲ့ ကားလမ်းကူး တံတားလေးပေါ်မှာ ရပ်နေတဲ့ စစ်သည်တစ်ဦးကို လှမ်းမေး နေတာ တွေ့လိုက်ရပါတယ်။ ပြီးတာနဲ့ ညီငယ်က မိမိအခန်းကိုအလာ ညီလေး ဘာလဲ ဆိုတော့ ခွဲ(၃)က စိန်ဌေး အစ်ကိုကြီးကို လာတွေ့တာ ပြောလို့ … အေး တပည့်လာကွာ ဆို ဘာကိစ္စလဲ မေးတော့ ဗိုလ်ကြီးက ပြင်ဦးလွင်ကို သင်တန်း သွားမယ် ကြားလို့ ။ အေး ဟုတ်တယ် တအခ ကို။ ဟုတ်ကဲ့ အဲဒါ ကျွန်တော် စာလေးတစ်စောင် လူကြုံထည့်ပေးချင်လို့ပါ။ ဟ ရတာပေါ့ မင်းမိဘာတွေ ဆီကိုလား ချစ်သူ ဆီကိုလား။ မိဘတွေဆီကိုပါ….တဲ့။ ရတာမှ သိပ်ရတပည့် (၁)စောင်မဟုတ်ဘူး (၁၀)စောင်ဆိုလည်းရတယ် လိပ်စာရော သေချာ ရေးထားလား မေးလိုက်တော့ ဟုတ်ကဲ့ ရေးထားပြီးသားပါ ဒီမှာပါ စာအိပ်ဖြူလေး ထုတ်ပေးလာပါတယ်။ သြော် မင်း မိဘတွေကလည်း တအခ ထဲကပဲကိုး။ အေး တပည့် စိတ်ချ ကိုယ်သွားပေး ပေးမယ်နော် ဆိုတော့ အလေးပြုလို့ ဟုတ်ကဲ့ ဗိုလ်ကြီး ကျေးဇူးပါခင်ဗျ အေး လေးစားပါတယ်တပည့် ။ မိမိလက်ပြန်အချမှာပဲ တပည့်လေး ထွက်သွားပါတော့တယ်။ မှတ်မှတ်ရရ နောက် နှစ်ပါတ်လောက်အကြာမှာ မိမိတို့တပ်လည်း နားရက်ပြည့်တာနဲ့ ရှေ့တန်းမြေကို ပြန်လည် ထွက်ခွာသွားပါတော့တယ်။

ပြင်ဦးလွင်(ချယ်ရီမြို့)ပန်းမြို့တော်၊ တောင်လှေခါး……ကျောင်းဆင်းပြီးကတည်းက တစ်ခါတစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့တဲ့ မိမိတို့ကို လက်တွေ့ဘဝနယ်ပယ်ထဲကို ပို့ဆောင်ပေးခဲ့တဲ့ အမိ ကျောင်းတော် ကြီးလည်း အရင်ကထက် အဆောင်ကြီးတွေ ပိုတိုးလာပြီး သစ်ပင် ပန်းပင်တွေနဲ့ ဝေဆာနေလျက်ကို မြင်မိတော့မှ ပထမနှစ်ဘဝက ပြေးလွှားသွားလာခဲ့တာအစ နောက်ဆုံးနှစ်ဗိုလ်လောင်းဘဝအဆုံး အားလုံးကို ပြန်မြင်ယောင်လာမိပါတယ်။ တအခမှာဖွင့်တဲ့ တပ်ရေးဗိုလ်ကြီးသင်တန်း ကာလ တစ်ပါတ်အကြာမှာပဲ တပ်ကနေ တပည့်လေး လူကြုံထည့်ပေးလိုက်တဲ့ စာအိပ်ပေါ်က လိပ်စာအတိုင်း စာသွားပေး ဖြစ်ပါတယ်။ အဲဒီ လိုင်းခန်းတစ်ခုလုံးကို ပိတ်ထားလျက်သားတွေ့ရလို့ အနီးနားက ကွမ်းယာဆိုင်ကို မေးကြည့်တော့ လိပ်စာရှင် ဆရာကြီးမိသားစုကလွဲပြီး ကျန်အခန်းများက အိမ်ထောင်သည်မဟုတ် ကြကြောင်း၊ အားလုံး လုံခြုံရေး ထွက်သွားတာဖြစ်နိုင်ကြောင်း၊ ဆရာကြီးမိသားစုမှာ ခွင့်ပြန်သွားခြင်း ဖြစ်နိုင်ကြောင်း လုံခြုံရေးတစ်ခါထွက်ဆို ကြာတတ်သည့်အတွက် ကျန်မိသားစုများက ခွင့်ပြန်တဲ့အခါ ပြန်ကြကြောင်း ပြောပြလာတာနဲ့ သက်ပြင်းချပြီး ပြန်လာခဲ့ရပါတော့တယ်။ ဒီလိုနဲ့ သင်တန်းကာလ ပြီးခါနီး သွားကြည့်တဲ့အထိ အဆိုပါ မိသားစုအိမ်က သော့ပိတ်လျက်သားပဲ တွေ့ရပါတယ်။ ပထမ အခါက တွေ့ခဲ့ရတဲ့ ကွမ်းယာဆိုင် လေးတောင် အစအန မတွေ့ရတော့ဘူး။ ဘယ်လိုဖြစ်ရတာလဲ။ တစ်ပါတ်ကျော်လေးအတွင်းမှာ ဆိုင်က အစအနတောင် မကျန်ခဲ့ဘူး ဘယ်ရွှေ့သွားတာလဲ……..

ဒီလိုနဲ့ သင်တန်းပြီးလို့ တစ်ပါတ်တောင်ကြာမယ်မကြံသေးဘူး။ ကြိုသိနေလို့ ပြင်ဆင်ထားတဲ့အတိုင်းပဲ ချစ်သူလေးနဲ့တောင် ပါးပူအောင်ဖုန်းမပြောရသေးဘူး ရှေ့တန်းကို တက်မယ့် တစ်ခြားတပ်ရင်းတစ်ရင်းနဲ့ အင်းအားဖြည့် ပေးအဖွဲ့ကိုဦးစီးပြီး ရှေ့တန်းမြေကိုချီတက်ရ ပါဦး တော့မယ်။ ထုံးစံအတိုင်း သင်တန်းပြီး ခွင့်စေ့ ဆေးရုံဆင်း စတဲ့ စစ်သည်များကို ဦးဆောင်လို့ ရထားတွဲတစ်တွဲ ခွဲတမ်းရတဲ့ဟာလေးမှာ တပ်ရင်း သုံး လေး ငါးရင်း လောက်က အင်အားဖြည့်အဖွဲ့တွေပေါင်းပြီး ကပ်ညှပ်ကျတ်သိပ်လို့ ရ ရထားကြီး ပျော်ပျော်စီးပြီး …… လမ်းဘေးဝဲယာ တစ်လျှောက် မီးရောင် လင်းလင်းလက်လက်လေးတွေ လမ်းဘေး ယာတဲလေးတွေ ပျဉ်မနား၊သာစည်၊တောင်ငူ စတဲ့မြို့ကြီးတွေကို ဖြတ်လို့ အေးအေးလူလူ ကားလေး ဆိုင်ကယ်လေးတွေနဲ့ သွားလာနေတဲ့ ကိုယ်လိုသူလို အရွယ်လူငယ်တွေကို အားကျနေမိသလိုလိုနဲ့။ ရေအေးရမယ်ရေအေး …. ကွမ်းယာ ဆေးလိပ် အစ်ကိုရေ ကွမ်းယာဆေးလိပ်ဆိုတဲ့ အသံလေးတွေပျံ့လွင့်လို့ အတွေးနယ်ချဲ့ရင်း လိုက်ပါခဲ့ပါတယ်။ ထမင်းစားချိန် ရထား တစ်ထောက်နားပေးပါတယ်။ အဲဒီအချိန်ကလည်း ဓါတ်အကျဆုံး အချိန်တွေထဲ တစ်ခုအပါအဝင်ပါ။ ဘယ်မှာထိုင်စားလို့စားရမှန်းမသိ ပိုဆိုးတာက သူများတပ်နဲ့ ကပ်လိုက်ရတဲ့အခါ ဖြစ်တတ်တဲ့ အခက်အခဲလေးတွေပါ။ ကိုယ့်တပ်နဲ့ကိုယ်ဆို တပ်ခွဲလိုက်က တပည့်တွေ ချက်ယူလာတဲ့ ထမင်းဟင်း စတီးချိုင့်လေးဆွဲလို့ အစ်ကိုကြီး ညီလေးတွေ စုပြီး ပျော်ပျော်ကြီးနွှဲလို့ရတော့ သိပ်ပြီး ပူစရာမရှိပါဘူး။ အခုဟာက တပည့်တွေခမျာလည်း နေရာသီးသန့်ကလုပ်ပေးချင် ဘယ်မှာ လုပ်ပေး ရမှန်းမသိနဲ့ အတူတူစားမယ်ဆိုတော့လည်း ဆရာကြီး ဆရာများက ကိုယ့်ဗိုလ်ကြီး ကိုယ့်အရာရှိကို သီးသန့်လေး လုပ်ပေးချင်ကြတာမျိုး။ လာပါ မထူးပါဘူး ဖြစ်သလိုပေါ့ နောက် ကြုံသလိုပေါ့ဗျာ… ဆိုပြီးသမုဒ္ဓရာ ဝမ်းတစ်ထွာ ပြည့်သွားပြီးရောပေါ့လေ။……………………………………………..

(ဆက်လက်ဖော်ပြပါမည်)@@@ နေလွမ်းသူ