Friday, February 26, 2010

မိုးရေစိုစိုအောက်မှ အချို့သောနေ့ရက်များ


နေ့လည်ထမင်းစားပြီးချိန်လောက်ကတည်းက မနားတမ်း လျှောက်လာခဲ့ကြတာ အင်္ကျီကျောပြင် တစ်ခုလုံးနဲ့ ထိကပ် နေတဲ့ကျောပိုးအိပ် နေရာလည်း ချွဲတို့နဲ့ ရွှဲရွှဲနစ်လို့နေပြီ။ မျက်နှာနေရာအနှံ့ကနေ မကြာခဏ စီးကျလာတဲ့ ချွေးစက် အချို့လည်း အပေါ်က နေပူဒဏ်ကြောင့်ခြောက်သွေ့စပြု ရာကနေ အဖြူ ဖက်ဖက်ဆားပွေးစအချို့အဖြစ် အသွင် ကူးပြောင်းလို့။ အရာရှိ၊ စစ်သည် အားလုံးရဲ့စိတ်ထဲမှာ စစ်ကြောင်းမှူး ဆီကနေဒီနေ့ဒီနေရာမှာပဲ စခန်းချရပ်နား တော့မယ်ဟေ့ ဆိုတဲ့ အမိန့်စကားသံကို ကျိတ်ပြီး မျှော်လင့်လို့နေကြပြီ။ မမျှော်ဘဲရှိမလား....ဆက်လျှောက်လည်း ရည်မှန်းချက် စခန်းကို တစ်နေ့ထဲ ရောက်သွားမှာမှ မဟုတ်။ စခန်းချ ရပ်နားတာနဲ့ ဒီတိုင်း ပလက်စတစ်မြေခင်းစခင်း တန်းပြီးအိပ်လို့ရတဲ့ ရာသီဥတုမှ မဟုတ်ပဲကိုး။ တောကြီးတောင်ကြီး ဒီလမ်းဒီခရီး ကရင်ပြည်နယ်တောထဲ မိုးတွင်းကာလက အစိုးရသည် မဟုတ်။ ရာသီဥတုတင် အစိုးမရသည်မဟုတ်။ ရန်သူ.... ဟုတ်တယ်။ သူက အဓိက ကျန်တာက သာမည။ လေးလံနေတဲ့ ကျောပိုးအိပ်ကို မကြခဏ ပြန်ဆွဲတင်နေရ သလို တောင်ကမ်းပါးယံ ဖြတ်တဲ့အခါ၊ ဘေးမှာ ချောက်ကမ်းပါးယံထားပြီးဖြတ်တဲ့အခါ ဆွဲမိုင်းသတိထားရသလို ဘယ်နေရာက ပေါ်လာမလဲဆိုတဲ့ မပြက်သတိနဲ့ သေနက်ကို အသင့်အနေအထားနဲ့ မသင်္ကာတဲ့နေရာဆို ခဏတာတန့်ပြီး ရှေ့ကနေ လက်ဆင့်ကမ်းလာတဲ့ သင်္ကေတစကားကို အာရုံစိုက်နားထောင် စက်ဖွင့်လို့ တပည့်တွေကို တဆင့်ပြန်ပြောရနဲ့။ လူတစ်ကိုယ်လုံးက သယ်ဆောင်ထားရတဲ့အလေးအပင်၊ စက္ကန့်မလပ် အသက်ရှူသွင်းမှုတိုင်းနဲ့အတူ ထပ်တူချ ထားရတဲ့ သတိ။ နားမယ်ဟေ့ ဆိုတဲ့အသံကြားရင်တောင် ဟူး ကနဲ လေပြင်းရှိုက်ထုတ်ဖို့တောင် ချက်ချင်း မလုပ်ရဲတဲ့ ဒီခရီးဒီလမ်း ဒီရှေ့တန်း................။

တစ်နေရာမှာ တဝေါဝေါနဲ့ အရှိန်ပြင်းဖြတ်စီးနေတဲ့ တောင်ကျချောင်းကို ပေါင်လုံးသာသာခန့် ဝါးလုံးကြီးကြီး ဖြတ်ထိုးထားပြီး လက်ကိုင်တန်း တစ်တန်းအပေါ်မှာပြေးထားတဲ့ တံတားလိုဟာကနေဖြတ်ကူးရတော့ ရင်တမမနဲ့ ကိုယ့်အတွက်မဟုတ်ပေလင့်ကစား ဗုံးသီးနဲ့မော်တာကိုထမ်းထားတဲ့ စစ်သည်အချို့ဖြတ်ကူးတိုင်း စိတ်က တထင့်ထင့်နဲ့။ ဝုံးကနဲအသံကြားလို့ ကြည့်လိုက် ရဲဘော်လေးတစ်ယောက် ခြေချော်သွားပြီ။ ကင်းတွေကို ဘေး ဘယ်ညာ ထပ်ပြီး စက်ဝိုင်းပုံထပ်ချဲ့ခိုင်းပြီး သူ့ကိုသွားဆွဲတင်ပေးဖို့ စစ်သည် ၂ယောက်ကို တစ်ဖက်တစ်ချက်စီကနေ သူရှိနေတဲ့ တံတားအလည်ကို ဝန်စည်စလွယ်တွေအကုန် ချွတ်ချပြီး လူအလွတ်နဲ့ သွားခိုင်းရတယ်။ ခြေ ၂ ချောင်းက အောက်မှာတွဲလောင်း ကျောပိုးအိပ်က သူ့ကို ထပ်ပြီး ဆွဲချနေသလို၊ သေနက်ကို မြဲမြဲဆုပ်ပြီး တံတောင်ဆစ်နှစ်ဖက်အားနဲ့ ဝါးလုံးကိုချိတ်ထားရှာတယ်။ ဟိုးအောက်က မရဏ အော်သံနဲ့ တောင်ကျရေတွေက တဝေါဝေါဆူညံလို့.....ပြုတ်ကျသွားတာနဲ့ အစရှာလို့မရအောင် မျောပါ သွားမယ့်ဖြစ်ခြင်း။ တစ်ဖက်တစ်ချက်စီကလာတဲ့ စစ်သည် ၂ ယောက်ရောက်မှ တစ်ယောက်က ကျောပိုးအိပ်ကို ဆွဲတင်၊ တစ်ယောက်ကသူ့လက်အစုံနဲ့ သေနက်ကို တင်းတင်းဆုပ်ပြီးဆွဲထားလို့ ၊ ရင်တမမနဲ့ ဘုရားတပြီး သူ့တို့ကို အဆင်ချောပါစေ မြန်မြန်အပေါ်ရောက်ပါစေလို့ ဆုတောင်းလျက်နဲ့ ဟိုး အောက်က အဖြူရောင် ရေလုံးကြီးတွေနဲ့ လှိမ့်ဆင်းနေတဲ့ ချောင်းချောက်ကြီးကို မရဲတရဲ ငုံ့ကြည့်မိလိုက်တိုင်း ကြက်သီးတောင် ထသွား မိတယ်။ရှေ့တန်းဆိုတာမျိုးမှာ ရန်သူနဲ့ထိတွေ့တိုက်ကြခိုက်ကြပြီး အသက်စွန့်လွှတ်ရတာမျိုးက ဂုဏ်ရှိပေမယ့် အခုလိုမျိုးသာ မတော်တဆဖြစ်စဉ်ကြောင့် အသက်ဆုံးရမှာကိုတော့ စိုးစဉ်းမျှ မလိုလားတာ စစ်သားတိုင်းပါ။

လျှိုစောင်းအတိုင်း ပတ်ပြီးဖောက်ထားတဲ့ မဟာဗျူဟာလမ်းကြီးအတိုင်း မနားတမ်းလျှောက်လာလိုက်ပြီး ခဏ အကြာတော့ ရှေ့ကနေ သွားနေတဲ့သူတွေ တုန့် သွားလို့ မေးကြည့်လိုက်တော့ နားတော့မယ်ပြောတယ်တဲ့။ ချက်ချင်းဆိုသလို Icom (လမ်းလျှောက်စကားပြောစက်) ကနေ မိမိနံမည်ဝှက်ကို ခေါ်လာပြီ။ စစ်ကြောင်းမှူးနဲ့ တပ်ခွဲမှူးတွေ ခေါင်းချင်းဆိုင်လိုက်ပြီး နေရာတွေခွဲလိုက်တယ်။ မနက်ဖြန်တော့ ထုံးစံအတိုင်းပဲ၊ အချိန်ကတော့ ဒီအချိန်ပဲ ဆိုတဲ့ သူလက်ထောင်ပြတာကို ကြည့်ပြီး အလေးကိုယ်စီပြုလို့ ပြန်လာခဲ့ကြတယ်။ တပ်ခွဲက ဆရာကြီး၊ ဆရာတွေကိုယ့်နားခေါ်ပြီး ဘယ်တပ်စုဘယ်နေရာ၊ ဘယ်သူက ဘာလုပ်ပါဆိုပြီး ထပ်ဆင့်အမိန့်ပေးလိုက်တယ်။ တပည့်တွေကတော့ ကင်းထွက်မဲ့သူက သေနက်ကိုယ်စီနဲ့ ပတ်လည် လုံခြုံမှုအတွက် ဘေးတပ်ခွဲ ကင်းတွေနဲ့ နယ်ပယ်ချိတ်ဆက်ဖို့ သွားကြပြီ။ တစ်ချို့က မြေနေရာရှင်း မီးဖိုအရင်ဖိုဖို့လုပ်သူကလုပ်၊ တစ်ချို့ ဘေးနားက ချောင်းလေးဆီ ပလက်စတစ် ဂါလံပုံးတွေသယ်လို့ ရေခပ်ထွက်ကုန်ပြီ။ ဒီလို ယာယီစခန်းချတဲ့နေရာမှာ မြန်မြန် ဆန်ဆန်နဲ့ နေရာတစ်ခုဖန်တီးရသလို အသံလုံခြုံမှုရှိအောင်လည်း လုပ်ရပါတယ်။ သစ်ပင်ခုပ် ဝါးခုပ် ထင်းချိုး ရင်တောင် အသံကို တိုးနိုင်သမျှတိုးအောင် ကျိတ်ပြီး ဓါးခုပ်၊လှီးဖြတ်ရတာမျိုးပါ။ သိပ်မကြာဘူး နေရာအစုစု ကိုယ်စီကနေ မီးခိုးတလူလူပျံ့လွင့်လို့နေပြီ။ ထမင်း၊ဟင်းချက်ကြပြီ။ ရေနွေးတည်ကြပြီ။ ရေဆိပ်ကင်းထုတ်လို့ ရေချိုးဆင်းသူကဆင်းပြီ။ မိမိတို့ကတော့ လက်စွဲတော် ပစ္စတိုလေး ခါးထိုးလို့ တပ်ခွဲပတ်လည် ကင်းတို/ရှည်တွေ အရင်လိုက်ကြည့်ရတယ်။ စိတ်ချလောက်တဲ့ အနေအထားထိ လိုက်ကြည့်ပြီးမှာ ရေချိုးဖို့ပြင်ရတာပေါ့။

မိုးရွာတော့မယ်ထင်တယ် ဗိုလ်ကြီးဆိုတဲ့ တပည့်ရဲ့စကားမှ မဆုံးသေးဘူး ရုတ်တရတ် တဝေါဝေါ ကျသံတွေနဲ့အတူ ဆိုင်းမဆင့် ဗုံမဆင့် မိုးရွာချလာပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ဖြန့်ခင်းထားတဲ့ အခင်းတွေစောင်တွေ ပြန်ရုတ်ရ သိမ်းရ ကျောပိုးအိပ်ပြန်ထုတ်၊ လုံးဝ ရေစိုလို့မရတာတွေ ချက်ချင်း ပြန်စုစည်း ရတော့တယ်။ စစ်ကြောင်းတစ်ခုလုံး ပွက်လောရိုက်သံတွေထွက်လာတယ်။ မထင်မှတ်ပဲ ရွာချလာတဲ့ မိုးကို ဆဲရေးအပြစ်တင်သံတွေ ပစ္စည်း အိုးခွက် သိမ်းဆည်းသံတွေ ချက်ချင်းဆိုသလို အမိုးအကာ သေချာပြန်လုပ်ကြ၊ ပြင်ကြဆင်ကြနဲ့ တဒင်္ဂပြန်ပြီး အလုပ် ရှုပ်သွားကြပြန်ရော။ တပည့်က မိမိပစ္စည်းတွေ လာကောက်သိမ်းတယ်။ အဝတ်စားတွေကို လုံးပြီးသာထည့်ကွာ အရေးကြီးဆုံးက မြေပုံနဲ့စာရွက်စာတမ်းအချို့၊ သွားလေရာသယ်တဲ့ ပရိတ်ကြီး (၁၁) သုတ်စာအုပ်နွမ်းလေးနဲ့၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်သေးလေးတစ်အုပ်၊ ဟုတ်တယ် ဒီလာလေးတွေက ဘဝမှာ အရေးပါဆုံး အရာလေးတွေပဲ။ ကျန်တာက ရေစိုလည်း နေပူပြန်လှန်းလို့ရတယ်လေ။ မိုးရေရွှဲရွှဲ တဲအမိုးပြန်မိုး တဲထိုးရတာ လွယ်တော့မလွယ်ကြပါဘူး။ လူတွေတစ်ကိုယ်လုံး ရွှဲရွှဲနစ်ပြီး ဝါးခုပ် နှီးဖြာ ချည်ဟဲ့ တုတ်ဟဲ့နဲ့ တစ်ချို့ နှီးမချည် တတ်သေးတဲ့ ရဲဘော်လေးတွေနဲ့ သူ့တပ်စိပ်မှူး ဆရာတွေ အလိုမကျသံ ဆူငေါက်သံတွေက မိုးရေကျသံတွေကို ထိုးဖောက်လို့ ပျံ့လွင့်လာတာလည်းကြားရပါတယ်။ တစ်ချို့ကလည်း ပြောနေကြသေးတယ်။ ဟကောင်မိုးရေကို ကြောက်မနေနဲ့ဟ၊ စစ်သားမိုးစိုမှ လှတာငါ့ကောင်ရ ...တဲ့ အဲလို ဆိုလာသူကရှိသေး။ ဆရာကြီး ဆရာတစ်ချို့ကတော့ အပေါ်ပိုင်းကို ပလက်စတစ် မိုးကာစခြုံ၊ အောက်ပိုင်းက ဘောင်းဘီကို ပေါင်လည်အထိ ခေါက်ထားလျက်သား သေနက်ကို ပိုက်လို့ တဝုန်းဝုန်း ရွာနေတဲ့ မိုးရေကြားမှာ ကင်းစောင့်နေတဲ့ သူတို့ တပည့်တွေဆီ မှာစရာရှိတာဖို့နဲ့ ကင်းစစ်ဖို့သွားကြလေပြီပဲ။

ကိုယ့်အသံကိုတောင် ပြန်မကြားရလောက်အောင် ဆူညံနေချိန်မှာ မိုးမှောင်ကျတာနဲ့ အလင်းပျောက်ချိန်ကို အခွင့်ကောင်းယူပြီး ရန်သူကပ်လာမှာကို အထူးသတိထားပြီး ကိုယ်ကလက်ဦးမှုရအောင် ကင်းတွေလိမ်မာ ပါးနပ်မှုဖို့က အရေးကြီးတယ်လေ။ မိုးသည်းသည်းမဲမဲရွာနေဦးတော့ တဲအချို့တွေဆီက မီးတောက်တလူလူနဲ့ ချက်လို့ပြုတ်လို့ ကောင်းတုန်း။ ခြေဖျားလက်ဖျားတွေကတော့ ပဲကြီးလှော် ရေနူးထားသလိုရှုံ့တွလို့။ တဲအစွန်းမှာ ဖိုပေးထားတဲ့ မီးဖိုလေးမှာ ဖိနပ်နဲ့ခြေအိပ်တွေကို တန်းလေးလုပ်လို့ မီးကင်ကြရပြန်တယ်။ ဒါမှ နောက်နေ့ ပြန်စီးရင် လမ်းလျှောက်လို့ ကောင်းမှာ။ ရေစိုထားတဲ့အတိုင်းစီးရင် အခန့်မသင့် သဲဝဲစားမှာကြောက်ရတာကိုး။ ဝါးတော ထဲမှာဆိုတော့လည်း တစ်ပေလောက် ဝါးစင်လေးထိုး၊ တဲအမိုးလေးသေချာမိုး၊ အစတွေကို လေးဘက်လေးတန် မြေကြီးမှာ ငုတ်လေးစိုက်ပြီးချည်လိုက်ရင် တစ်ညတာတော့ မိုးရေစိုစိုစိစိဒဏ်ကနေ ကင်းလွတ်စွာ အိပ်စက်လို့ ရပြီလေ။ မီးဖိုလေးကို မီးမတောက်အောင် မီးရဲရဲလေးဖြစ်အောင် ကင်းသမားတွေက အလှည်ကျလိုပ်သွားကြ တစ်ညလုံး နွေးနွေးထွေးထွေးတောင် အိပ်လို့ရသေးတယ်။ ည သန်းခေါင်ယံမှာ တဲအမိုး ပလက်စတစ်ပေါ် တစ်ဖျောက်ဖျောက်ကျနေတဲ့ အသံကိုတော့ ရပ်တန့်ခြင်းသွားစေခြင်းငှာ မစွမ်းသာကြပါဘူး။ ဘေးကပ်လျက် တဲကအသံကြားနေတာနဲ့ ဟကောင် တပည့်ကျော် မအိပ်သေးဘူးလား မေးလိုက်တော့ ။ ဘုရားရှိခိုးနေလို့ ဗိုလ်ကြီးတဲ့။ အေးပြီးရင်အိပ်တော့လေကွာ ဆိုတော့ နောက်နာရီဝက်ဆို ကျွန်တော့် ကင်းချိန်ရောက်ပြီ ဗိုလ်ကြီး၊ တပည့်မအိပ်တော့ဘူးတဲ့.... အေး ဟုတ်လား။ ဒါဆိုလည်း မင်းကင်းချိန်ပြီးတာနဲ့ ငါ့ကိုနှိုးကွာ...ဆိုတော့ ဗိုလ်ကြီးက မိုးတစိစိဗွက်တစိစိနဲ့ ဘာထလုပ်မှာလဲ။ အိပ်ပါခင်ဗျ။ တပည့်ကျော် တစ်ယောက်လုံးရှိတယ်စိတ်ချတဲ့။ ဟ မင်းရှိတာနဲ့စိတ်ချစရာလားဟ။ မင်း ဘိုးအေ ကင်းတွေ မိုးတဖျောက်ဖျောက်မှာ ငိုက်နေရင်ဘယ်လိုလုပ်မလဲ။ ထတော့ကြည့်ရမှာပေါ့ဟ။ နှိုးမှာသာနှိုးစမ်းကွာ စကားမများနဲ့ ဆိုတော့ ။ ဟုတ်ကဲ့ ဟုတ်ကဲ့..... တဲ့။ ဒီလိုနဲ့ မိုးစင်စင်လင်းရင် နောက်နေ့ခရီးကို ဒီလိုပဲ ထက်ဆက်ရဦးမှာပါလား.............လို့ တွေးမိတွေးရာ သတိရမိ ရရာတွေ ပြန်လည်းတွေးတော လွမ်းဆွတ်ရင်း.....

1 comment:

မေဦးခင် said...

nay lwan thu

A Ma lar read twar tal naw..

Post a Comment