Friday, April 23, 2010

ဘိန်းဖျက်ခရီး (အပိုင်း - ၂ )

စစ်ကြောင်းငယ်(၂)ခု ဗျူဟာကုန်းကနေ စပြီးခွာကြတော့မယ်ဆိုတာနဲ့ လိုအပ်ရင် ဆက်သွယ်လို့ရအောင် Icom(လမ်းလျှောက်စကားပြောစက်) channel ညှိ၊ အမည်ဝှက် ဖလှယ်ကြပြီး သူငယ်ချင်းရေ ဂွဒ်လခ် ပါကွာ ဆိုတဲ့ စကားနဲ့အတူ စစ်ကြောင်းငယ်(၂)ခု (ဌာနဆိုင်ရာပေါင်းစုံ) ကျောချင်းခိုင်းခဲ့ကြပါတယ်။ မြို့နဲ့တဖြည်းဖြည်း ဝေးလာခဲ့တာနဲ့ သီးနှံစိုက်ခင်းတွေကိုဖြတ်လို့ မြေပုံပေါ်မှာတင်ထားတဲ့ လမ်းကြောင်းအတိုင်း မြောက်ဘက် စူးစူး ဆီသို့ ဖြတ်တက်ကြရပြီ။ မှုံပြပြတောင်ကုန်းကလည်း ခါးလည်ကိုရောက်တာနဲ့ ထင်ရှားသွားပြီ။ ဟိုးအဝေးက မိုင်းခတ်မြို့လေးကတော့ မှုံရီပြီး ကျန်ခဲ့တယ်။ ချွေးလည်းစို့ ရေလည်းဆာ။ မိမိ စစ်သည်တွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တစ်ချို့က တောင်ထိပ်ရောက်သည့်တိုင် ပုံမပြက် လျှောက်နိုင်ကြပေမယ့် အရပ်သား ဝန်ထမ်းများမှာတော့ ပြက်ပြက်ပြီးကျန်ခဲ့ကြလေတော့ စောင့်စောင့်ခေါ်ရတာပေါ့လေ။ လမ်းကြောင်းအတိုင်း တစ်နေကုန် ဘိန်းခင်းတောင်ယာ မတွေ့မချင်းခရီးဆက်ရမယ်ဆိုတော့လည်း တဖြည်းဖြည်းချင်း နားလိုက် ခရီးဆက်လိုက်နဲ့ ညနေစောင်းခါနီးမှာပဲ တောင်ပေါ် အခါရွာကြီးတစ်ရွာကိုရောက်ရှိ စခန်းချကြပါတယ်။

ဒီနေရာမှာ တစ်ခုကောင်းတာက ကျွန်တော်က ခေါင်းဆောင်ဆိုပေမယ့် လမ်းကြောင်း၊လုံခြုံရေး တို့လောက်ပဲ ခေါင်းစားရတာပါ။ ရွာရောက်တာနဲ့ မယက အဖွဲ့ဝင်နဲ့ ပြည်သူ့ရဲ က တစ်ယောက်တို့ ပါတာနဲ့ ရွာ လူသူကြီး ဆယ်အိမ်မှူးတွေ ဘာတွေက နေရာတွေချပေး ဟင်းစားတွေပါ စီစဉ်ပေးကြပါတယ်။ အုပ်ချုပ်မှု စားသောက် ပြီးတာနဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့ရင်း စကားစမြည်ပြောဖြစ်ကြပါတယ်။ မြန်မာစကားကို မနည်းအားစိုက်ပြောနေ ရတဲ့ လေသံကိုက နားထောင်ရတာ တစ်မျိုးဖြစ်နေပါတယ်။ မယကအနေနဲ့လည်းရွာ လူကြီးတွေ ခေါင်းဆောင် ကိုယ်စားလှယ်တွေကို မိုင်းခတ်မြို့မှာခေါ်ပြီး ဘိန်းမစိုက်ဖို့၊ ပညာပေးဟောပြောပွဲတွေလုပ်၊ အစားထိုးသီးနှံ ပေးအပ်ပွဲ၊ ဝန်ခံလက်မှတ်ရေးထိုးပွဲတွေ လုပ်ထားခဲ့ပြီးဖြစ်ကြောင်း မိမိတို့ ရွာအနေနဲ့ ဘိန်းမစိုက်တာ နှစ်တွေ အတော်ပင်ကြာခဲ့ပြီဖြစ်ကြောင်းပြောပြကြပါတယ်။ ရေနွေးကြမ်းကတော့ အတော့်ကို အနံ့အရသာကောင်း လှပါတယ်။ အမြည်းကတော့ တောင်ပေါ်ဖြစ်တဲ့အတိုင်း အသားခြောက် မီးကင်က ၂ မျိုးလောက်ပါပါတယ်။ အခါရွာအားလုံးက ခြေတံရှည်အိမ်မြင့်တွေပါ။ အမျိုးသမီးတွေက ခေါင်းတွေမှာ ငွေခွက်ငွေပြားတွေနဲ့ တန်ဆာ ဆင်ထားတဲ့ ခေါင်းဆောင်းတွေဆောင်းထားကြပါတယ်။

မိမိအတွက်စိတ်ညစ်စရာက အိမ်အပေါ်ထပ်မှာပါ ခွေးတွေကို နေရာပေးထားခြင်းပါ။ (ခွေးသားကတော့ သူတို့ အတွက် စပါယ်ရှယ်သားပါတဲ့....တရုတ်တွေဝက်သားကို အလေးထားစားသလိုပေါ့)။ ညအိပ်ယာဝင်ဖို့အတွက် မိမိကို စောင်တွေ၊ခေါင်းအုံးတွေ ထုတ်ပေးလာတော့ တအံ့တသြဖြစ်ရပါတယ်။ မိမိတပည့်တွေမေးကြည့်တော့ ဟုတ်တယ် ဗိုလ်ကြီး၊ အရာရှိဆို ဒီလိုပဲ လုပ်ပေးတာ ထုံးစံပဲ...တဲ့။ စောင်ကြီးတွေက လှလိုက်တာ အနီရောင် မွှေးပွ ဂွင်းစောင်ကြီးတွေနဲ့၊ ခေါင်းအုံးလှလှကြီးတွေ...ဒီလိုမျိုး နေရာမှာ ဒီလောက်လှပတဲ့အသုံးအဆောင်တွေ တွေ့လိုက်ရတာကို အထူးအဆန်းဖြစ်နေတဲ့ မိမိကို တပည့်က ဝင်ရှင်းပြပေးလာပါတယ်။ ဒါတွေကို သူတို့က တရုတ်ဈေး( ဝ နယ်မြေဈေး) ထဲမှာ သွားဝယ်ထားကြတာ။ ဒါမျိုးက အိမ်ကိုလာတဲ့ အထူးဧည့်သည်တွေဖို့ သီးသန့်ကို သိမ်းထားကြပါတယ်....တဲ့။ အင်းပေါ့လေ မိမိအတွက်တော့ နေ့ခင်းတစ်နေကုန်လျှောက်လာခဲ့ရတဲ့ ပင်ပန်းမှုတွေက တစ်ခါမှတောင်ထင်မှတ်မထားစွာ ဒီလိုတောင်ပေါ် ရွာခေါင်ခေါင်မှာ အိစက်ညက်ညောတဲ့ အိပ်ယာမှာ အိပ်ပစ်လိုက်ရလို့လားမသိဘူး အိပ်မက်တောင် မမက်ပဲ တစ်ကျိုးတည်း အိပ်ပျော်သွားပါတယ်။

@@@နေလွမ်းသူ

1 comment:

မေဦးခင် said...

မောင်လေးနေလွမ်းသူ
အစ်မလာရောက်အားပေးသွားပါတယ်
ပိုစ့်အသစ်တွေကိုလည်းမျှော်လင့်နေပါတယ်
မအားတဲ့ကြားကပိုစ့်တွေတင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်

Post a Comment