Friday, December 18, 2009

မေ့မရသော နေ့စွဲများ ( ၂ )

ကျွန်တော်တို့ မြန်မာရေးစကားပုံအရ ပျော်ရာမှမနေရ တော်ရာမှာနေရဆိုတဲ့အတိုင်း ကျွန်တော်တို့တတွေလည်း ဒီလိုပါပဲ တော်ရိရော်ရာ အကုန်ကိုလျှောက်ပြောင်းနေကြရသည်ပေါ့ဗျာ။ သံလွင်မြစ်ကြီးခြားလို့ ရှမ်းပြည်ရဲ့ အရှေ့စူးစူး မြောက်ဖက်နည်းနည်းကျတဲ့ မိုင်းယန်းမြို့နယ်အစွန်က တောင်ထိပ်စခန်းတစ်ခုမှာ စခန်းထိုင် ခဲ့ရပါပြီကော။ ပေါတာက ပေါပါတယ် တောင်ယာ စိုက်ခင်းတွေက ပတ်လည်ကိုး။ ကိုယ်သာ မတတ်တာ ဆရာကြီးဆရာများ စစ်သည်များက ရှမ်းစကားကိုကောင်းကောင်း တတ်မြောက်ထားကြတော့ တောင်ယာသွား အိမေ၊အိပေါ့ တို့ ပီအိုက်၊နောင်ရင်း၊ပီနန်း တို့နဲ့ စကားဖောင်ဖွဲ့ စားစရာပြတ်နေပြီ ဘာညာပေါ့။ စခန်း ပြန်လာလို့ကတော့ စုံနေတာပဲ။မုန်ညှင်း၊ကိုက်လန်၊ ကန်ဇွန်းဥ၊ အာတာလွတ်ဥ၊ တောင်ယာတောင်စောင်းက လက်လက်ဆက်ဆက်အသီးအနှံ အကုန်စားရပါတယ်။ ဒါလည်းအဲလောက် ခံတွင်းမတွေ့မိဘူး။ ဒီမောင်က မြေပြန့်က လာတာဆိုပေမယ့် ဒါတွေက ဝယ်စားလို့ရနေတာကိုး။ မဆန်းသေးဘူးပေါ့။ မြေပြန့်မှာလည်း တောင်ယာမြေဟောင်းလောက်တဲ့အချိန် သစ်ပင် အုပ်နဲ့ စိုက်ခင်းဟောင်းအစပ် မြေနေရာပွပွတွေကနေ တူးဆွလို့ထွက်လာတဲ့ သစ်ဥလို သစ်ဖုဖုလိုလို လေးတွေ မလော့ ဆိုလား မနော့ဆိုလား သူတို့ကခေါ်တာ။ ကျွန်တော်ကတော့ မေ့ပြီ စားလို့ကောင်းတာပဲ မှတ်မိ တော့တယ်။ အဲဒီ ဥကိုရေစင်စင်ဆေး အစိမ်းစားလည်း ကောင်းမှကောင်း အရည်လေးတရွှမ်းရွှမ်းနဲ့။ ဟင်း အဖြစ်ချက်စားလည်း မိုက်တာပဲ ။ မြေပဲဆန်ဥ နုနုထွားထွားကို ထောပတ်အရသာ ပတ်ထည့်ထားသလိုပဲဗျာ။ အဲဒါစားပြီး အိပ်လို့အလွန်ကောင်းတာလည်း မှတ်မိနေသေးတယ်။

နောက်တစ်မျိုးကလည်း တကယ်မိုက်တယ်။ ရွှေပဲသီးလိုလို စတော်ပဲလိုလိုအရွက် တို့ ကိုက်လန် မုန်ညင်း တို့ကို ကြော်စားရတာ။ ဒါများဘာဆန်းလဲ မေးစရာရှိတယ်။ တောင်ယာချင်းတူပေမယ့် သူက ဆန်းတာက။ ဘိန်းခင်း ထဲက ဟာမို့ပါ။ ဘိန်းခင်း ဆိုတာ ဘိန်းဖြူမွေးဖွားရာ ဇာတိ ဘိန်းပင်တွေစိုက်ထားတဲ့ တောင်ယာ ဘိန်းစိုက်ခင်း ပေါ့ဗျာ။ ဘိန်းခင်းက ဘာလို့ရှိနေလဲလို့ မေးစရာရှိတယ်။ တောင်ပေါ် ဝေးလံခေါင်ဖျားတဲ့နေရာက အခါ လူမျိုး ၊ လားဟူလူမျိုးတွေက အခုချိန်ထိ တောင်ကုန်းစောင်း တစ်ခု ၄/၅ ဧကလောက်တော့ ဘိန်းကျဲကြတုန်းပါ။ ဒါမှ သူတို့ စားစရာရှိတာလို့ ဆိုပါတယ်။ လူသူ အရောက်အပေါက်လည်းနည်းတဲ့ တောင်ကုန်းဒေသတွေ ဖြစ်နေ တော့လည်း သူတို့မှာ အသိပညာလည်း နည်းလျက်ပေါ့ဗျာ။ (အဲဒီဘိန်းခင်းတွေ ဖျက်ခဲ့ရတာ လက်တောင် ပေါက်ပြဲခဲ့တာဗျ နောက်မှ ပို့စ် သတ်သတ်တင်ပါ့မယ်) ဘိန်းပင် ဆိုတာက အပင်ငယ်ငယ်မှာ အရွက် ကိုက်လံ/ ဆလပ် မျိုးနွယ်လိုပါပဲ။ သူက ဟို အသီးထွက်တော့မှ ဆလပ်ပင် အလယ်က ရိုးတံထွက်သလို အပေါ် ကိုရှည်ထွက်သွားပြီး အသီး သီးတာ။ အဲဒီဘိန်းခင်း အပင် ပေါက်စနလေးတွေကြားကို ဘိန်းစေ့ စကျဲကတည်းက ဟင်းသီးဟင်းရွက်တွေပါ ထည့်ကျဲတာလေ။ ဘိန်းရဲ့ ထူးခြားချက်က သူက အခင်းထဲမှာ ရှိသမျှသော အပင်တွေဆီက အခါးဓာတ် ကိုစုပ်ယူပစ်ခြင်းပါ။ အဲဒီရဲ့ ရလာဒ် က ဘိန်းခင်းထဲက ရသမျှ အသီးအရွက်တွေက သာမန် တောင်ယာအခင်း ကိုင်းသီးနှံစိုက်ခင်းထဲက မည်သည့် အသီးအရွက်တွေအားလုံးထက် ပိုပြီး လက်ဆတ် နုမြစ်ချိုမြနေခြင်းပါပဲ။ မယုံမရှိနဲ့ဗျ ။ ကိုယ်တွေ့ဟေ့၊ ငါတွေ့ဟ လို့ အော်လိုက်မှာနော် ..... တကယ်ကို အရသာရှိတာ။ ဘိန်းရွက်ကတော့ နုစဉ်အခါမှာ မုန်ညင်းနဲ့အတူ ရောကြော်စားလို့ ကောင်းသေးတယ်။ ရင့်သွားတော့ ခါးသပ်သပ်လေးဖြစ်လာတာ။

တကယ့်ကို အရည်ရွှန်းနေတာဗျ။ ညစာကို ဘိန်းခင်းထဲက မုန်ညှင်းရွက်၊ ကိုက်လံ အရွက်စုံကြော်၊ရွှေပဲသီးနဲ့ ဖရုံညွန့် ဘူးညွန့် ဟင်းချိုလေးနဲ့ ထမင်းလေးစားလိုက်တိုင်း အမြဲတန်း လိုက်ပွဲကတော့ မောက်နေအောင် ထပ်ထည့်ခဲ့တာဗျ။ တကယ်။ ဘာအသားမှကို မလိုတာ။ လားဟူရွာခေါင်းဆောင်တွေ လက်ဆောင်ပေးတဲ့ ကျားရိုးစိမ် အရက်လေး စွပ်လိုက်လို့ကတော့ အိုး ဖလန်းဖလန်းကိုထနေတာ (ဟီးဟီး ဘာလဲတော့မသိဘူး ဒီနေ့ အများပြောနေတဲ့စကား သုံးကြည့်တာ) ။ ညည ကင်းသမားတွေနဲ့အတူတူ ကတုတ်ကျင်းထဲမှာ ကန်ဇွန်းဥ ပြုတ်တစ်အိုးနဲ့ ရောက်တတ်ရာရာပြောလို့။ နေ့လည်နေ့ခင်း အချိုတည်း ရတဲ့ အစားအစာတစ်မျိုးရှိသေးတယ်။ ဘာလဲဆိုတော့ ဘိန်းစေ့ လူတိုင်းမြင်ဖူးမယ် အဲဒါကိုတော့ ဟိုဗျာ ထိုးမုန့်စားရင် တွေ့ဖူးကြမှာပါ။ အစေ့ သေးသေးလေးတွေ ဘိန်းစေ့ ဘိန်းစေ့ နဲ့ အဲဒါ ဟုတ်တယ် ဘိန်းပင် ဘိန်းသီးကထွက်တဲ့ ဘိန်းစေ့စစ်စစ်ပဲ။ သူက ဒီလိုစားရတာ။ ဘိန်းစေ့ကို ဒယ်အိုးထဲထည့်ပြီး အရင်လှော်လိုက်တာ။ ပြီးတော့မှ တပ်မတော် နို့ဆီလေးနဲ့ ဆီပူလေးနဲ့ လှိမ့်လိုက်တာ။ အိုး မွှေးနေတာပဲဗျာ အနံ့လေးကို။ ထမင်းလေးစားပြီး အချိုမတည်းရရင်ဖြင့် အစ်ကိုလဲရချေရဲ့ ဆိုတဲ့အတိုင်းမဖြစ်ရလေအောင် အချိုလေးတည်း(တဲ)ပေးရတာကိုး။

ထိုစဉ်အခါက တပ်ခွဲမှူး ကျွန်တော့်ကို လိုလေသေးမရှိ တောင်ပေါ်စာလေးတွေ ချက်ကျွေးခဲ့တဲ့ တပ်ခွဲရုံးက ထမင်းချက်စစ်သည် တပ်ကြပ်ဝင်းမြင့်ကတော့ ငှက်ဖျားရောဂါနဲ့ပဲ ကွယ်လွန်သွားတာ (၂) နှစ်ပြည့် တော့မယ် ဗျာ။ အရာရာ တိုင်းကတော့ အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်စေနေဦးတော့မှာပေါ့လေ။

(၂၀၀၆ ခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေလောက်ကပေါ့။)
@@@ By နေလွမ်းသူ

1 comment:

Unknown said...

ဘိန်းခင်းတွေဖျက်ခဲ့ရလို့..လက်တွေပေါက်ပြဲ
တယ်ဆိုတယ့်ပိုစ့်ကို စောင့်မျှော်နေပါတယ်..

Post a Comment